တရုတ်နိုင်ငံက သြစတြေးလျ ဝိုင်လုပ်ငန်းအပေါ် အခွန်စည်းကြပ် ကောက်ခံမှု တိုးမြင့်လိုက်တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန်မှာ ဖိအားပေးခံနေရတဲ့ သြစတြေးလျအပေါ် ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ထိုင်ဝမ် သံတမန်တွေနဲ့ အရာရှိတွေဟာ သြစေတြေးလျ ဝိုင်တွေကို ဝယ်ယူခဲ့ကြပါတယ်။
ဒီဇင်ဘာ ၁ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ကမ်ပိန်းကို နိုင်ငံပေါင်း ၁၉ နိုင်ငံက ပါလီမန်အဖွဲ့ဝင် ၂၀၀ ကျော် ပါဝင်တဲ့ Inter-Parliamentary Alliance on China (IPAC) ကနေ တရုတ်နိုင်ငံက သြစတြေးလျ ထုတ်ကုန်တွေအပေါ် အရေးယူမှုကို တုန့်ပြန်တဲ့အနေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ကမ်ပိန်းမှာ IPAC အဖွဲ့ဝင်တွေကို ဗီဒီယိုကတဆင့် တရုတ်နိုင်ငံရဲ့ စီးပွားရေးအနိုင်ကျင့်မှုအပေါ် ဆန့် ကျင်ပြီး သြစတြေးလျနိုင်ငံက ဝိုင်လုပ်ငန်းကို ထောက်ခံသွားကြဖို့ ပြောဆိုခဲ့ပါတယ်။
ထိုင်ဝမ်နိုင်ငံဘက်ကလည်း ကမ်းပိန်းကို ထောက်ခံအားပေးတဲ့အနေနဲ့ နိုင်ငံခြားရေးဌာနက ဝိုင်လွတ်လပ်စွာ ကုန်သွယ်ရေးအတွက် ထိုင်ဝမ်က သြစတြေးလျဘက်ကနေ ရပ်တည်မယ်ဆိုတဲ့ စာသားနဲ့အတူ #StrongerTogether hashtag ကိုပါ အသုံးပြုသွားခဲ့ပါတယ်။
ထိုင်ဝမ်နိုင်ငံခြားရေးဌာနက ရေးသားထားတဲ့ Tweet မှာ သြစတြေးလျ ဝိုင် ၂ ပုလင်း ကိုင်ထားတဲ့ပုံကိုလည်း တင်ထားခဲ့ပါတယ်။ Facebook စာမျက်နှာမှာလည်း ထိုင်ဝမ်သံအမတ်ကြီး Mathew Lee က သူဝယ်ယူထားတဲ့ သြစတြေးလျထုတ် ဝိုင်နီဘူး ကိုင်ထားတဲ့ပုံကို တင်ထားပါတယ်။
အဆိုပါ ကမ်းပိန်းမှာ နောက်ထပ် ပါဝင်လာသူကတော့ အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်ဝမ် ထိပ်တန်းကိုယ်စားလှယ် Hsiao Bi-khim ဖြစ်ပြီး သူက IPAC ရဲ့ ပို့စ်ကို ပြန် Tweet ပြီး သြစတြေးလျဝိုင် သိုလှောင်ရေး စဉ်းစားကြစို့လို့ ရေးသားခဲ့သလို၊ သြစတြေးလျ-ထိုင်ဝမ် အဖွဲ့အစည်းအကြီးအကဲ ဥဒေပြုအမတ် Chiu Yi-Ying က သြစတြေးလျ ဝိုင်တွေကို ဝယ်ယူပြီး ကမ်ပိန်းကို ထောက်ခံကြောင်း ပြသဖို့ ထိုင်ဝမ်ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။
ထိုင်ဝမ်သမ္မတ Tsai Ing-wen ကလည်း သြစတြေးလျနဲ့ ထိုင်ဝမ်ဟာ လူအခွင့်အရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို တန်ဖိုးထားကြတဲ့ သဘောထားတူ နိုင်ငံတွေဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေးကဏ္ဍမှာလည်း အတူပူးပေါင်း လုပ်ဆောင်နေကြပြီး သြစတြေးလျအစိုးရက နိုင်ငံတကာ မျက်နှာစာမှာ ထိုင်ဝမ်ကို ထောက်ခံအားပေးနေတာပါ။
နိုင်ငံခြားရေးဝန်ကြီး Joseph Wu က တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကို တွန်းခံပြီး တခြားနိုင်ငံတွေကပါ သြစတြေးလျကို ထောက်ခံကြဖို့ သြစတြေးလျ ရုပ်သံလိုင်းတခုနဲ့ အင်တာဗျူးအစီအစဉ်မှာ ဘေဂျင်းရဲ့ ကင်ဘာရာအပေါ် အရေးယူမှုနဲ့ပတ်သက်ပြီး ဖြေကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ နဲ့ သြစတြေးလျနိုင်ငံတို့ရဲ့ ဆက်ဆံရေးအခြေအနေဟာ COVID-19 နဲ့ပတ်သက်ပြီး ဒီနှစ်ပိုင်းမှာ အဆိုးဆုံးအဆင့်ကို ရောက်ရှိနေတာပါ။ သြစတြေးလျရဲ့ ပို့ကုန်တွေကို တရုတ်က ကုန်သွယ်ရေးအရ အရေးယူမှုတွေ လုပ်ဆောင်ခဲ့သလို၊ လူမျိုးရေး ခွဲခြားမခံရအောင် သြစတြေးလျသွားရောက် လည်ပတ်မယ့် တရုတ်ခရီးသွားတွေကို သတိပေးပြောဆိုတာတွေ ရှိခဲ့ပါတယ်။
Ref: Focus Taiwan
You may also like these stories:
အနုပညာပြခန်းလို ဖန်တီးထားတဲ့ ထိုင်ဝမ်က Wuguan Books စာအုပ်ဆိုင်
ဂျပန်က စိန်နဲ့ပုလဲ စီခြယ်ထားတဲ့ ယန်း ၁ သန်းတန် Mask
ဆာလောင်နေတဲ့ မျောက်တွေ စိတ်ငြိမ်အောင် စန္ဒရား တီးခတ်ပြတဲ့ ဂီတပညာရှင်