အာကာသယာဉ်မှူးတွေဟာ အာကာသထဲက နိုင်ငံတကာ အာကာသစခန်းမှာ သကြားမုန်လာပင်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ကြပါတယ်။ ဒါဟာ မားစ်နဲ့ လပေါ်ကို နှစ်ရှည်စီမံကိန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် အစေ့ချ စိုက်ပျိုးရေးက ကူညီနိုင်ဖို့ ကြိုးစားနေကြတာပါ။
နာဆာရဲ့ ပျံသန်းရေးအင်ဂျင်နီယာ Kate Rubins က အာကာသစခန်းမှာ စိုက်ပျိုးထားတဲ့ သကြားမုန်လာ အပင် ၂၀ လောက်ကို နုတ်ယူပြခဲ့ပါတယ်။ ဒီအပင်တွေကို နောက်နှစ်ချိန်ခါ ကမ္ဘာမြေအပြန်ခရီးစဉ် မတိုင်ခင်ထိ အအေးခန်းထဲမှာ သေချာထုပ်ပိုး သိမ်းဆည်းထားမယ်လို့ ဆိုပါတယ်။
မုန်လာပင်တွေဟာ ကမ္ဘာ့ဆွဲအား လုံးဝ မရှိတဲ့ အာကာသစခန်းမှာ နောက်ဆုံး အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့တဲ့ အပင်တွေဖြစ်ပြီး ရှေ့မှာတုန်းက အနီရောင် ဆလပ်ပင်၊ အစိမ်းရောင် ဆလပ်ပင်၊ မုန်ညင်းထုပ်၊ ပဲပင်တွေလည်း စိုက်ပျိုး အောင်မြင်ထားတယ်လို့ NASA ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဖလော်ရီဒါမှာရှိတဲ့ မြေပြင်ကနေ ဒီအာကာသစခန်းမှ သိပ္ပံပညာရှင်တွေကလည်း တပြေးညီ မုန်လာပင်တွေ စိုက်ပျိုးထားပြီး ဒီဇင်ဘာ ၁၅ ရက်ဆိုရင် ခူးဆွတ်နိုင်ပါပြီ။ လေ့လာသူတွေက မြေပြင်မှာ စိုက်တဲ့ မုန်လာနဲ့ အာကာထဲမှာ စိုက်ပျိုးထားတဲ့ မုန်လာပင်တွေကို နှိုင်းယှဉ်ပြီး ကမ္ဘာကနေ ခရီးရှည်သွားရမယ့် အာကာသယာဉ်မှူးတွေအတွက် ရေနဲ့ အစာရေစာ ဖြည့်တင်းပေးနိုင်မယ့် နည်းလမ်းတွေကို လေ့လာသွားကြဖို့ ရှိပါတယ်။
တချိန်တည်းမှာပဲ အာကာသယာဉ်မှူးတွေဟာ သိပ္ပံပညာရှင်တွေ ထပ်လေ့လာနိုင်ဖို့အတွက် မုန်လာပင်တွေ စိုက်ပျိုးသွားဦးမှာ ဖြစ်ပါတယ်။ အချိုတိုတွင်း စိုက်ပျိုးကြီးထွားလာတဲ့ မုန်လာပင်တွေကို ကြည့်ပြီး နှစ်ရှည်ကြာမယ့် အာကာသခရီးစဉ်တွေမှာ အနာဂတ်ယာဉ်မှူးတွေအတွက် အစာရေစာ အရင်းမြစ်ဖြစ်နိုင်ချေတွေကို လေ့လာနေတာပါ။
အာကာသစခန်းက မုန်လာပင်တွေဟာ ၂၇ ရက်အတွင်း အလျင်အမြန် ကြီးထွားလာပြီး ဂရုစိုက်ပြုစုပျိုးထောင်ပေးစရာ မလိုဘဲ ရှင်သန်လာနိုင်ပါတယ်။ သုတေသီတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ဟာ မုန်လာပင်တွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလဲဆိုတာပါ လေ့လာဆန်းစစ်သွားဖို့ ရှိပါတယ်။
နိုင်ငံတကာ အာကာသစခန်းမှာ ယာဉ်မှူးတွေကိုယ်တိုင် အရွက်စားပင် ၈ မျိုးအပါအဝင် အပင်အမျိုးအစားပေါင်း ၁၅ မျိုးကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြေပြင် နာဆာစခန်းမှာလည်း အပင်မျိုးပေါင်း ၁၀၀ ကျော်ထဲက အာကာသထဲ စမ်းသပ် စိုက်ပျိုးနိုင်မယ့် အပင်တွေကို လေ့လာစမ်းသပ် စိုက်ပျိုးထားပါတယ်။
အာကာသထဲ စမ်းသပ် စိုက်ပျိုးအောင်မြင်ခဲ့တဲ့ ဆလပ်ရွက်တွေအကြောင်းကို မတ်လထုတ် သိပ္ပံဂျာနယ်မှာ ဖော်ပြခဲ့ပြီး စိတ်ချစွာ စားသုံးနိုင်ကြောင်းကို ပြောဆို ပြသခဲ့ပါတယ်။ နာဆာဟာ ၂၀၁၅ ခုနှစ်ကတုန်းက အမေရိကန် အာကာသယာဉ်မှူးတွေ အာကာသထဲ စိုက်ပျိုးထားတဲ့ အပင်တွေကို စားပြနေတဲ့ ဗီဒီယိုကိုလည်း ထုတ်ဖော် ပြသဖူးခဲ့ပါတယ်။
နောက်ပိုင်းမှာ မားစ်နဲ့ လပေါ်ကို အခြေချ သွားရောက်မယ့် နှစ်ရှည်စီမံကိန်းတွေ လုပ်ဆောင်တဲ့အခါ စခန်းမှာ အစာအာဟာရအတွက် အာကာသယာဉ်မှူးတွေ ကိုယ်တိုင် စိုက်ပျိုး စားသောက်နိုင်အောင် လေ့လာနေတာပါ။
၂၀၂၄ ခုနှစ်မှာ နာဆာကနေ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူးနဲ့ အမျိုးသားနောက်ထပ်တယောက်ကို လပေါ်မှာ ခြေချနိုင်ဖို့ ကြိုးစား ဆောင်ရွက်နေသလို၊ နောက်ထပ် ခြေလှမ်းသစ်အဖြစ် မားစ်ကိုလည်း သွားရောက် နိုင်ဖို့ ပြင်ဆင်နေပါတယ်။
Ref: edition.cnn
You may also like these stories:
တရုတ်ကို ဆန့်ကျင်ပြီး သြစတြေးလျဝိုင် ကမ်ပိန်းကို ထိုင်ဝမ် ထောက်ခံ
အနုပညာပြခန်းလို ဖန်တီးထားတဲ့ ထိုင်ဝမ်က Wuguan Books စာအုပ်ဆိုင်
ဂျပန်က စိန်နဲ့ပုလဲ စီခြယ်ထားတဲ့ ယန်း ၁ သန်းတန် Mask