ဥရောပတိုက် အပါအဝင် ကမ္ဘာတဝှမ်းနီးပါးမှာ Facebook Messenger နဲ့ Instagram အသုံးပြုမှု ပြတ်တောက်ခဲ့တာကြောင့် သုံးစွဲသူတို့ရဲ့ မကျေနပ်သံတွေနဲ့ ဆူညံနေပါတယ်။ Facebook ကနေ ပိုင်ဆိုင်တဲ့ ဒီ App ၂ ခုလုံးဟာ ဥရောပစံတော်ချိန် ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ ရုတ်တရက် ဆိုသလို ပြဿနာတွေ တက်လာခဲ့တာပါ။
ယူကေမှာ Messenger နဲ့ Instagram ပြတ်တောက်သွားတာပြီး မကြာခင်မှာပဲ သုံးစွဲသူတွေထံကနေ Downdetector website ကို တိုင်ကြားချက် ထောင်ပေါင်းများစွာ တက်လာခဲ့ပါတယ်။ အလားတူဖြစ်ရပ်မျိုး ဥရောပတိုက် နိုင်ငံတချို့အပြင် အာရှနဲ့ သြစတြေးလျနိုင်ငံတွေထိပါ ပြဿနာတွေ ကြုံတွေ့ခဲ့ကြတာပါ။
ဥရောပတိုက်မှာတော့ Facebook Messenger ပြတ်တောက်မှုကို ယူကေ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ ဟန်ဂေရီနိုင်ငံတွေမှာ ကြုံတွေ့ခဲ့ကြပါတယ်။ တိုင်ကြားချက်တွေထဲက ၇၉ ရာခိုင်နှုန်းက Facebook Messenger ကနေ စာပို့စနစ်ပြဿနာကြုံနေရပြီး ဒီထဲက ၅ ယောက်မှာ ၁ ယောက်က log in ပြဿနာတွေ တက်နေပါတယ်။
၃၇ ရာခိုင်နှုန်းက Messenger လုံးဝ သုံးလို့မရတော့ဘဲ ၃၂ ရာခိုင်နှုန်းကတော့ Messenger နဲ့ ဆက်စပ်ပြဿနာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ Instagram မှာဆိုရင်လည်း ၄၁ ရာခိုင်နှုန်းက News feed အသစ်တွေ တက်မလာတာမျိုး၊ ၃၂ ရာခိုင်နှုန်းက Instagram story တင်မရတာနဲ့ ၂၅ ရာခိုင်နှုန်းကတော့ ပို့စ်အသစ် တင်မရတာမျိုးတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
တယောက်နဲ့ ဆက်သွယ်ပြောဆိုရာမှာ အသုံးပြုဖို့ ပေါ်ပြူလာ App တခုဖြစ်တဲ့ Facebook Messenger ရုတ်တရက် ပြတ်တောက်သွားတဲ့ ပြဿနာကြောင့် မိနစ်တိုင်းမှာ သုံးစွဲသူ ၂,၄၀၀ နီးပါးဟာ Log in ဝင်မရတာ၊ စာပို့စနစ်၊ ဖုန်းဆက်သွယ်စနစ်တွေ မရတော့တာနဲ့ ပတ်သက်ပြီး တိုင်ကြားချက်တွေ ပို့ခဲ့ကြပါတယ်။
Facebook Messenger သုံးစွဲသူတယောက်ကလည်း “Messenger မှာ တခြားသူဆီ စာပို့လို့လည်းမရ၊ တခြားသူဆီက စာလည်း ရောက်မလာဖြစ်နေတာ ၂ နာရီကျော်နေပြီး ဘာပြဿနာတက်နေတာလဲ” လို့ ရေးသားထားသလို၊ နောက်သုံးစွဲသူတယောက်ကလည်း “လိုင်းမကောင်းလို့ ထင်ပြီး စောင့်နေတာ၊ သေချာ ပြန်စစ်တော့လည်း အင်တာနက်လိုင်းက အကုန်ကောင်းပါတယ်။ ဒါအဓိပ္ပာယ် မရှိတာပဲ” လို့ ပြောဆိုထားပါတယ်။
Twitter မှာလည်း Facebook Messenger နဲ့ Instagram ရုတ်တရက် ပြတ်တောက်သွားတဲ့အပေါ် မကျေနပ်ချက်တွေကို ရေးသားခဲ့ကြပါသေးတယ်။ “ဒါဆို Facebook က ယူကေမှာ သုံးမရတော့ဘူးပေါ့။ ဘာကြောင့်မှန်းကို မသိတော့ဘူး။ ဘာပြဿနာဖြစ်တာလဲဆိုတာ သိရင်ပြောကြပါဦး” ဆိုပြီး Twitter မှာ အသုံးပြုသူတွေက ရေးသားထားပါတယ်။
Ref: The Herald Scotland