ရုရှားနိုင်ငံက အနုပညာပြတိုက် မြေအောက်ခန်းထဲမှာ နေကြတဲ့ ကြောင်အကောင် ၅၀ အတွက် ပြင်သစ်နိုင်ငံသား အလှူရှင်တဦးက သေတမ်းစာမှာ ငွေကြေးလှူ ဒါန်းကြောင်းကို ရေးခဲ့ပါတယ်။ ကြောင်တအုပ်ဟာ ရုရှားနိုင်င်ငံ၊ စိန့်ပီတာစဘတ်မြို့က နာမည်ကျော် အနုပညာပြတိုက်ထဲမှာ နေကြတာပါ။
ဒီနာမည်ကျော် အနုပညာပြတိုက်ထဲမှာ ရှေးဟောင်းလက်ရာ အနုပညာပစ္စည်းပေါင်း ၃ သန်းကျော်လောက်ကို ပြသထားပါတယ်။ “The Winter Palace” လို အဆောက်အအုံတွေအပြင် အနုပညာလက်ရာ၊ ပန်းချီ၊ ပန်းပု ရုပ်ထုတွေကို တနေရာတည်းမှာ လေ့လာနိုင်ပါတယ်။
အနုပညာပြတိုက်ကို စတင်တည် ထောင်ပေးခဲ့တဲ့ ဘုရင်မ Catherine the Great လက်ထပ်က အနုပညာပစ္စည်းတွေကို စောင့်ရှောက်ဖို့ ကြောင်တွေကို ထားခဲ့ရာက ၁၇၄၁ ခုနှစ်ကနေ ၁၇၆၁ ခုနှစ်တွင်း အုပ်ချုပ်ခဲ့တဲ့ ဘုရင်မ Elizabeth လက်ထက်မှာ အနုပညာပြတိုက် မြေအောက်ခန်းဟာ ကြောင်လေးတွေ နေထိုင်ဖို့နေရာ ဖြစ်လာပါတော့တယ်။
လက်ရှိအချိန်မှာတော့ ပြတိုက်ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေက အလှူရှင်တွေရဲ့ အလှူငွေနဲ့ မြေအောက်ခန်းထဲက ကြောင်လေးတွေကို စောင့်ရှောက်ပေးနေတာဖြစ်တယ်လို့ ပြတိုက် တာဝန်ရှိသူတွေက ဆိုပါတယ်။ သူတို့ကို စောင့်ရှောက်ဖို့ တိရစ္ဆာန်ဆရာဝန်နဲ့ ကိုယ်ပိုင် အဝတ်လျှော်စက်တောင် ထားရှိပေးထားတာပါ။
ဒီလအစောပိုင်း ပြတိုက်ရဲ့ GM Mikhail Piotrovsky က အမည်မဖော်လိုသူ ပြင်သစ်နိုင်ငံသား အလှူရှင်တဦးက သေတမ်းစာမှာ ကြောင်လေးအကောင် ၅၀ အတွက် ငွေကြေးအနည်းငယ်လှူဒါန်းခဲ့ကြောင်းကို ပြောပြခဲ့ပါတယ်။
“ကျနော်တို့ရဲ့ မိတ်ဆွေကြီး ပြင်သစ်နိုင်ငံသားက တကယ့်ကောင်းတဲ့အရာကို လုပ်ခဲ့တာပါ။ လှူဒါန်းငွေက အများကြီး မဟုတ်ဘူးဆိုပေမယ့် သေတမ်းစာမှာ ထည့်ရေးထားခဲ့တဲ့အကြောင်းကို သူ့ရှေ့နေကတဆင့် အကြောင်းကြားလာတာပါ” လို့ မစ္စတာ Piotrovsky က ပြောပါတယ်။
အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေထဲကနေ ကြောင်လေးတွေ နေတဲ့ ပြတိုက်မြေအောက်ခန်း ပြင်ဆင်တဲ့အပိုင်းမှာပါ အသုံးပြုပါတယ်လို့ မစ္စတာ Piotrovsky က ဆိုပါတယ်။ ကြောင်လေးတွေကို အလှူရှင်အနေနဲ့ လှူဒါန်းခဲ့သူ နောက်တဦးကတော့ ရုရှားသိပ္ပံအကယ်ဒမီ ဥက္ကဋ္ဌဟောင်း Vladimir Fortov ပါ။ သူအသက်ရှိစဉ်တုန်းက လှူဒါန်းငွေတွေ ပေးပို့ဖူးခဲ့တယ်လို့ ဆိုပါတယ်။
ဒီနှစ်မှာတော့ ပြတိုက် အထိမ်းအမှတ်နေ့အဖြစ် မြေအောက်ခန်းက ကြောင်လေးတွေနဲ့ ဧည့်သည် အယောက် ၈၀၀ ကျော်လောက် အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြပါတယ်။
Ref: edition.cnn