ထိုင်းနိုင်ငံရဲ့ ဒေသအသီးသီးက နှစ်သစ်ကူး အခါသမယ ကျင်းပမယ့်ပွဲတွေကို ခွင့်ပြုလိုက်တယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနက ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ပြည်တွင်းကူးစက်မှုတွေရှိခဲ့တဲ့ ဘန်ကောက်ဆေးရုံနဲ့ မြန်မာနယ်စပ် တာချီလိတ်ဒေသမှာလည်း ကူးစက်မှု အခြေအနေ ထိန်းချုပ်နိုင်ပြီဖြစ်လို့ COVID-19 စိတ်ချရတဲ့ ဘယ်နေရာမဆို ကျင်းပခွင့် ပေးလိုက်တာပါ။
“ဒီနေ့ဆိုရင် ထိုင်းမှာ COVID-19 ကူးစက်မှု မရှိပါဘူး။ ပွဲကျင်းပမယ့် စီစဉ်သူတွေနဲ့ လာရောက်မယ့် ဧည့်သည်တွေသာ COVID-19 ကာကွယ်ရေးတွေကို လိုက်နာမယ်ဆိုရင် ပွဲအတွက် ခွင့်ပြုပေးတယ်” လို့ အကြီးအကဲ ဒေါက်တာ Opas Kankawinpong က ဆိုပါတယ်။
ပွဲစီစဉ်သူတွေဟာ လာရောက်မယ့် ဧည့်သည်တွေအတွက် ကျန်းမာရေး အခြေအနေ စောင့်ကြည့်တာ၊ အယ်လ်ကိုဟောပါ လက်သန့်စင်ဆေးရည် ထားရှိပေးတာနဲ့ နေရာကို ပိုးသတ်ဆေး ဖျန်းတာမျိုးတွေ လုပ်ပေးထားဖို့ လိုပါတယ်။ ဒါ့ပြင် ပွဲကျင်းပရာနေရာမှာ တယောက်နဲ့ တယောက် Social distancing ထားရှိပေးရမယ့်အပြင်၊ နှာခေါင်းစည်း Mask တပ်ခိုင်းတာမျိုးနဲ့ ဝင်ပေါက်မှာ အဝင်အထွက် စစ်ဆေးပေးမယ့် Thaichana App အသုံးပြုပေးရမှာ ဖြစ်ပါတယ်။
“New Year countdown ပွဲတွေ ကျင်းပခွင့်ပေးမှာပါ။ ပွဲလာမယ့်သူတွေကလည်း ၁၀ ယောက် တအုပ်စုနဲ့ ခပ်ခွာခွာ နေပေးရပါမယ်။ ဒီလို လိုက်နာပေးမယ်ဆိုရင် ရောဂါကူးစက်တာမျိုး ဖြစ်ခဲ့ရင်တောင် တာဝန်ရှိသူတွေဘက်က အချိန်မီ ကိုင်တွယ်နိုင်မှာပါ” လို့ ဒေါက်တာ Opas က ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ COVID-19 ကူးစက်သူတွေနဲ့ ပတ်သက်ပြီး ဒေါက်တာ Opas က တာချီလိတ် နယ်စပ်ဘက်မှာ ပြည်တွင်းကူးစက်မှုတွေ မရှိတာ ရက်အတော်ကြာပါပြီ။ ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ ရက်ချာဘူရီ၊ ဆင်းဘူရီ စတဲ့ နေရာတွေက လတ်တလော COVID-19 ကူးစက်သူတွေဆိုတာလည်း ပြည်ပက ပြန်လာပြီး Quarantine ဝင်နေသူတွေပါလို့ ဆိုပါတယ်။
“အပေါ်က ပြောခဲ့တဲ့ ဒေသတွေဆိုရင် ပုံမှန်အခြေအနေကို ပြန်ရောက်နေပါပြီ။ ဘာမှ စိုးရိမ်စရာ မရှိတော့ပါဘူး။ စိတ်ချရတယ်ဆိုပေမယ့် တာဝန်ရှိသူတွေဘက်ကတော့ စည်းကမ်း တင်းကျပ်တာမျိုးတွေ ဆက်လုပ်သွားမှာပါ” လို့ ဒေါက်တာ Opas က ပြောပါတယ်။
BNH ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်း ကူးစက်ခံရတာနဲ့ ပတ်သက်ပြီး ကူးစက်ရောဂါဌာန ဒါရိုက်တာ ဒေါက်တာ Jakarat Pitayawong-anont က အဆိုပါ သူနာပြုဟာ ပြည်ပကပြန်လာပြီး Quarantine ဝင်နေသူနဲ့ အနီးကပ် ထိတွေ့မိတာကြောင့် ကူးစက်ခံခဲ့ရသလို နောက်ထပ် သူနာပြု ၆ ယောက်ကိုပါ ထပ်မံ ကူးစက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးရုံရှိ ကျန်ဝန်ထမ်း ၈၅၁ ယောက်ကိုလည်း COVID-19 စစ်ဆေးပေးခဲ့ပြီး တယောက်မှ ကူးစက်ခံရခြင်း မရှိဘူးလို့ ဒေါက်တာ Jakarat က ပြောပြသွားပါတယ်။ ထိုင်းနိုင်ငံဟာ လက်ရှိမှာ COVID-19 ကူးစက်ခံရသူပေါင်း ၄,၂၄၆ ဦးရှိပြီး သေဆုံးသူကတော့ ၆၀ ဦးသာ ရှိပါတယ်။
Ref: Bangkok Post
You may also like these stories:
အနုပညာပြတိုက်နေ ကြောင်အကောင် ၅၀ အတွက် အလှူငွေချန်ခဲ့တဲ့ ပြင်သစ်နိုင်ငံသား
ခရီးသွားတွေနဲ့ ပြန်လည် သက်ဝင်လာတဲ့ တရုတ် ဟာဝိုင်အီ
Messenger နဲ့ Instagram ပြတ်တောက်မှုကြောင့် သုံးစွဲသူတချို့ အခက်ကြုံ