ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နဲ့ အနီးနားက ခရိုင်တခုမှာ COVID-19 ရောဂါ အစုလိုက် ကူးစက်မှု တွေ့ခဲ့ရပြီးနောက် အများပြည်သူ ဆင်နွှဲနိုင်မယ့် နှစ်သစ်ကူးပွဲ အားလုံးကို ဖျက်သိမ်းလိုက်ပြီး၊ ဝန်ထမ်းတွေကိုလည်း အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) က ကြေညာလိုက်ပါတယ်။
ယခင်က ပြည်တွင်း ကူးစက်မှုတွေ ရှိခဲ့ပေမယ့် ကူးစက်မှု အခြေအနေတွေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်လို့ ခရစ္စမတ်နဲ့ နှစ်သစ်ကူး ပွဲတော်တွေကို ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနက ခွင့်ပြုထားခဲ့တာပါ။ ဒါပေမဲ့လည်း အစုလိုက် ပြည်တွင်း ကူးစက်မှုကြောင့် ဘန်ကောက်မှာ ကျင်းပမယ့် ပွဲအားလုံးကို ဖျက်သိမ်းခိုင်းလိုက်ပါတယ်။
နှစ်သစ်ကူး ကိုယ်ပိုင်သီးသန့်ပွဲတွေကိုတော့ BMA ထံ ခွင့်ပြုချက် တောင်းခံရမယ်လို့ ဆိုပါတယ်။ အဆိုပါ ကြေညာချက်အပြီးမှာပဲ ထိုင်းနိုင်ငံ အရှေ့ပိုင်း ချွန်ဘူရီခရိုင် Baeng Saen မှာ လုပ်မယ့် Countdown 2021 ပွဲကို ဖျက်သိမ်းလိုက်သလို၊ COVID-19 ကြိုတင်ကာကွယ်ရေး အကြောင်းပြချက်နဲ့ နခွန်ရတ်ချစီမာမြို့မှာ လုပ်မယ့် နှစ်သစ်ကူးပွဲကိုလည်း ဖျက်သိမ်းကြောင်း ပွဲစီစဉ်သူတွေက ပြောကြားလိုက်ပါတယ်။
ဘန်ကောက်မြို့ အနီးတဝိုက်မှာ လုပ်မယ့် နှစ်သစ်ကူးပွဲ အားလုံးကို ဖျက်သိမ်းရမည်ဖြစ်ကြောင်း BMA က ကြေညာခဲ့သလို၊ ဖြစ်နိုင်ရင် ဝန်ထမ်းတွေကိုလည်း ၁၄ ရက်ကြာ Work from Home အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ပြောကြားခဲ့ပါတယ်။
ဘန်ကောက်က Christian College ကလည်း ဇန်နဝါရီ ၃ ရက်ထိ ၁၁ ရက်ကြာ ကျောင်းပိတ်ထားမယ်လို့ ကြေညာခဲ့သလို၊ တခြား ဘန်ကောက်မြို့နဲ့ အနီးတဝိုက် ဧရိယာက ကျောင်းတွေလည်း ခေတ္တပိတ်သွားဖို့ ရှိပါတယ်။
ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ ရွှေ့ပြောင်းလုပ်သားအများစု နေထိုင်ရာ COVID-19 အစုလိုက် ကူးစက်မှုတွေ ရှိတဲ့ ဆမွတ်ဆခွန် ခရိုင်မှာ ကူးစက်ခံရသူ ၆၉၄ ဦးရှိသွားပြီလို့ ဆိုပါတယ်။
ဆမွတ်ဆခွန် ခရိုင်မှာ တနင်္ဂနွေနေ့က အသက် ၃၁ နှစ်အရွယ် လာအို ရွှေ့ပြောင်းလုပ်သားနဲ့ ထိုင်းနိုင်ငံသား ၂ ဦး ထပ်မံ ကူးစက်ခံရပါတယ်။ လာအို အလုပ်သမားက ဆမွတ်ပရာကန် ဆေးရုံမှာ ကုသမှုခံယူနေပြီး ထိုင်းလူမျိုး ၂ ဦးကတော့ Vibharam Chaiprakan ဆေးရုံကို ပို့ထားတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်ပါတယ်။

ဘန်ကောက်၊ ဆမွတ်ဆခွန်၊ အယုဒ္ဓယ၊ နခွန်ပသွန်တို့က ပြည်တွင်း ကူးစက်မှုတွေလိုပဲ ပုစွန်ဈေးနဲ့ ဆယ်နွယ်နေတဲ့ ကူးစက်မှုတွေမှာ မြန်မာလုပ်သား အများစု ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၉ ရက်ညမှာပဲ အစုလိုက် ကူးစက်မှုတွေ ရှိနေတဲ့ ဆမွတ်ဆခွန် ခရိုင်ကို Lockdown ချ ကန့်သတ် ပိတ်ပင်လိုက်ပါတယ်။
Ref: Thailand Visa Forum