ချီလီသမ္မတဟာ နှာခေါင်းစည်း Mask မပါဘဲ ကမ်းခြေမှာ Selfie ဓာတ်ပုံ အရိုက်ခံခဲ့တာကြောင့် ထုတ်ပြန်ထားတဲ့ စည်းမျဉ်း ချိုးဖောက်မှုနဲ့ ဒဏ်ကြေးငွေ ပေးဆောင်ခဲ့ရပါတယ်။ ချီလီနိုင်ငံမှာ အများပြည်သူသွားလာရာ နေရာတွေမှာ ဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ရေးအတွက် လူတိုင်း မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ရမှာဖြစ်ပြီး ချိုးဖောက်ခဲ့ရင် ဒဏ်ကြေးငွေနဲ့ ထောင်ဒဏ်ထိ ချမှတ်နိုင်ပါတယ်။
သမ္မတ Sebastian Pinera ဟာ ကမ်းခြေမှာ ပြည်သူတဦးနဲ့ အမှတ်တရ Selfie တွဲရိုက်ခဲ့ရာမှာ နှစ်ယောက်လုံး COVID-19 ကပ်ရောဂါကာလမှာ မရှိမဖြစ် လိုအပ်တဲ့ နှာခေါင်းစည်း Mask မတပ်ထားခဲ့ဘူးလို့ ဆိုပါတယ်။ အဆိုပါ ဖြစ်ရပ်ကြောင့် ဒီဇင်ဘာ ၁၈ ရက်က သမ္မတကို အမေရိကန်ဒေါ်လာ ၃,၅၀၀ ဒဏ်ကြေး ရိုက်ခဲ့ပါတယ်။
ဒီဇင်ဘာ အစောပိုင်း နှာခေါင်းစည်း Mask မတပ်ဘဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံ ဆိုရှယ်မီဒီယာပေါ် တက်လာချင်းမှာပဲ သမ္မတ Pinera က ပြည်သူတွေကို တောင်းပန်လိုက်ပါတယ်။ သမ္မတရဲ့ပြောကြားချက်အရ ချီလီကမ်းခြေ မြို့ Cachagua က သူ့ရဲ့အိမ်နားက ကမ်းခြေမှာ တယောက်တည်း လမ်းလျှောက်နေတုန်း အမျိုးသမီးတဦးက အမှတ်တရ ဓာတ်ပုံ တွဲရိုက်ချင်တယ် ပြောလို့ ရိုက်ပေးခဲ့တာလို့ ဆိုပါတယ်။
Selfie အရိုက်ခံစဉ်မှာ သမ္မတရော၊ အဆိုပါ အမျိုးသမီးပါ နှာခေါင်းစည်း Mask မတပ်ထားကြပါဘူး။ ချီလီနိုင်ငံမှာတော့ ကျန်းမာရေးဌာနက ထုတ်ပြန်ထာတဲ့ စည်းမျဉ်းအရ အများပြည်သူ သွားလာရာနေရာတိုင်းမှာ အကာကွယ် နှာခေါင်းစည်း Mask လူတိုင်းတပ်ဆင်ရမှာ ဖြစ်ပါတယ်။
သမ္မတ Pinera ဟာ ဧပြီလတုန်းကလည်း ကပ်ရောဂါ ကူးစက်မှုကြောင့် အိမ်မှာပဲ နေကြဖို့ စည်းကမ်းချက်တွေကို ချိုးဖောက်ပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ ပလာဇာမှာ ဓာတ်ပုံ အရိုက်ခံခဲ့ပါသေးတယ်။
ချီလီနိုင်ငံဟာ မေလနဲ့ ဇွန်လတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အမြင့်ဆုံး ဖြစ်ခဲ့ဖူးသလို၊ အခုလည်း ဆောင်းရာသီ ကာလမှာ တကျော့ပြန် ကူးစက်မှုနှုန်းတွေ မြင့်တက်နေတာကြောင့် ချီလီအစိုးရဟာ ဒီဇင်ဘာလကစလို့ နိုင်ငံအဆင့် အရေးပေါ်ကာလ ရက် ၉၀ ကို ထပ်မံ သက်တမ်း တိုးမြင့်ပြီး ကန့်သတ်ချက်တွေ ထုတ်ပြန်ထားရပါတယ်။
လက်တင်အမေရိက နိုင်ငံတနိုင်ငံ ဖြစ်တဲ့ ချီလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်နေတဲ့ ကူးစက်မှုနဲ့ သေဆုံးနှုန်းတွေ မြင့်တက်နေပါတယ်။ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ အချိန်ထိ ကူးစက်ခံထားရသူ ပေါင်း ၅၈၅,၅၄၅ ဦးနဲ့ သေဆုံးသူ ၁၆,၁၅၄ ဦးရှိပြီ ဖြစ်ပါတယ်။
Ref: edition.cnn , BBC
You may also like these stories:
အစုလိုက် ကူးစက်မှုကြောင့် ဘန်ကောက် နှစ်သစ်ကူးပွဲ အားလုံး ဖျက်သိမ်း
ထိုင်ဝမ်နဲ့ အပြန်အလှန် ခရီးသွားလာရေး ဆက်သွယ်မယ့် ဂူအမ်ကျွန်း
ယူကရိန်းရှိ ချာနိုဘိုင်းနယ်မြေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ ကြိုးစား