နှစ်တနှစ်ရဲ့ နောက်ဆုံးလ ဒီဇင်ဘာလကို ရောက်လာခဲ့ပါပြီ။ နှစ်သစ်ကို ကြိုဆိုမယ့် နောက်ဆုံးလလည်း ဖြစ်သလို၊ ပျော်ပွဲရွှင်ပွဲ ပိတ်ရက်ရှည်တွေကြောင့် ချိုမြိန်တဲ့ ဒီဇင်ဘာရယ်လို့ လအစကတည်းက ဆုတောင်းသံတွေနဲ့ ပြည့်နှက်နေတာပါ။
ဒီနှစ်မှာတော့ အရင်က အချိန်တွေနဲ့မတူ တကမ္ဘာလုံးမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကပ်ရောဂါကြီးကြောင့် နိုင်ငံတိုင်းလိုလိုမှာ ခရစ္စမတ်၊ နှစ်သစ်ကူးကာလကို အပြင်မထွက်ရ ကန့်သတ် တားမြစ်ထားပါတယ်။ ဒါကြောင့်လည်း မိသားစု၊ ချစ်သူခင်သူတွေနဲ့ တွေ့ဆုံခွင့် မရဘဲ သီးခြား အိမ်ထဲမှာနေရင်း ဖြတ်သန်းကြရတော့မှာပါ။
“၂၀၂၀ ခုနှစ်ရဲ့ ခရစ္စမတ်၊ နှစ်သစ်ကူးညကတော့ စိတ်ပျက်စရာပါကွာ”လို့ ငြီးငြူသံတွေကလည်း အစီအရီ ထွက်ပေါ် နေပါတယ်။ “ဒီနှစ်က အရင်နှစ်နဲ့ မတူဘူး။ အရင်လို ပုံမှန်မဟုတ်ဘူး” ဆိုတဲ့ စကားကို ဒီနှစ်ထဲ ပြောနေကြပေမယ့် တကယ်လည်း ဒီနှစ်က အရင်နဲ့ မတူပါဘူး။ အရင်နဲ့ မတူဘူး ဆိုတိုင်းလည်း အခြေအနေ ဆိုးသွားတာမျိုး မဟုတ်ဘူးလို့ Montclair State University မှ ပါမောက္ခ Jonathan Caspi က ဆိုပါတယ်။
ကပ်ရောဂါကြောင့် မိသားစု၊ ချစ်ခင်ရသူတွေနဲ့ ခရစ္စမတ်ကာလကို အဝေးကနေ ဖြတ်သန်းရမယ် ဆိုပေမယ့် ခံစားချက်တွေ ထပ်တူကျအောင် ဖန်တီးယူလို့ရပါတယ်။ ကိုယ့်အိမ်ထဲမှာပဲ ခရစ္စမတ်နဲ့ နှစ်သစ်ကူးညတွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ။
ခရစ္စမတ်နေ့ မနက်ခင်းမှာ အိပ်ရာနိုးနိုးချင်း ဖယောင်းတိုင် ခပ်ကြီးကြီးတခုကို ထွန်းညှိထားလိုက်ပါ။ ဒါဟာ သင့်စိတ်ထဲမှာ ခရစ္စမတ်နေ့လေးကို စတင်ပြီဆိုတာ ခံစားချက်မျိုး ဝင်လာစေပါတယ်။ အားလပ်ရက်စိတ် ခံစားချက်လေး ဝင်လာပြီဆိုရင် အရင်က နှစ်သက်ခဲ့တဲ့ ခေတ်ဟောင်းသီချင်း အယ်လ်ဘမ်ဖြစ်ဖြစ်၊ ဖွင့်နေကျ Playlist ဖြစ်ဖြစ် ဖွင့်ပြီး တေးသံသာလေးတွေ အိမ်ထဲမှာ ပျံ့လွှင့်နေပါစေ။
အရင်အလုပ်တက်ရတဲ့ မနက်ခင်းမှာ အဆင်သင့် ကော်ဖီတခွက် ခပ်မြန်မြန် သောက်သွားခဲ့ရပေမယ့် ဒီနေ့မှာတော့ သင့်ကို စိတ်ပျော်ရွှင်စေမယ့် ကိုကိုးတခွက် မဟုတ်လည်း Caramel Macchiato လေးကို ကိုယ်တိုင်လုပ် ကွတ်ကီးတွေနဲ့ တွဲစားလိုက်ပါ။
ပြီးရင်တော့ တနှစ်လုံး ဝင်ချင်စိတ်ရှိပြီး မဝတ်ဖြစ်ခဲ့တဲ့ ဝတ်စုံလေးကို အကောင်အထည်ဖော် ဝတ်လိုက်ပါ။ ဒါဟာ ငယ်ငယ်တည်းက နှစ်သက်ခဲ့တဲ့ ခရစ္စမတ်ဆွယ်တာ တထည်လည်း ဖြစ်နိုင်သလို၊ ဝယ် ထားပြီး မဝတ်ရသေးတဲ့ ဝတ်စုံအသစ်လေးလည်း ဖြစ်နိုင်ပါတယ်။ အဓိကကတော့ တနေ့လုံး သင် စိတ်ပျော်ရွှင်နေဖို့ပါပဲ။
မိသားစုတွေနဲ့အတူ တွေ့ဆုံခွင့်မရ၊ လူကိုယ်တိုင် နှုတ်ဆက်ခွင့် မရပေမယ့် စိတ်မကောင်းမဖြစ်ပါနဲ့။ Video call ခေါ်ပြီး ဝိုင်းဖွဲ့စကားပြောနိုင်သလို၊ အတူကြည့်ချင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပေါက်ပေါက်ဆုပ် ပန်းကန်လေး ဘေးချပြီး Teleparty App သုံးကာ Netflix, HBO Max တို့လို Streaming ဝန်ဆောင်မှုတွေကတဆင့် အတူတူ ကြည့်လို့ရပါသေးတယ်။ ဒါ့အပြင် Houseparty App နဲ့ ဂိမ်းတွေ အတူတူ ဆော့နိုင်သလို၊ ကာရာအိုကေ အတူ ဟစ်ရင်း ပျော်စရာအချိန်တွေ ဖန်တီးယူနိုင်ပါတယ်။
ရုပ်ရှင်ကြည့်လို့ ဝပြီ ဆိုရင်တော့ ရာသီဥတု ကောင်းရင် ခြံထဲထွက်ပြီး ကိုယ်လက် အညောင်းအညာဖြေ၊ တအိမ်ထဲ အတူတူ နေတဲ့ မိသားစုတွေ ရှိရင် လူနည်းနည်းနဲ့ ဆော့လို့ရမယ့် ကစားနည်းတွေ အတူ ဆော့နိုင်သလို၊ တယောက်တည်းသမားတွေကတော့ အချစ်တော် ခွေး၊ ကြောင်လေးတွေနဲ့ အချိန်ဖြုန်းနိုင်ပါတယ်။
ညရောက်ပြီဆိုရင် အနီးနားက အိမ်နီးချင်းအိမ်တွေမှာ ထွန်းညှိထားတဲ့ မီးရောင်စုံလေးတွေ ကြည့်ရင်း ကြည်နူးရသလို၊ ကိုယ့်အိမ်မှာလည်း အားကျမခံ ဒီဇိုင်းဆန်းဆန်းလေးတွေနဲ့ ပုံဖော်ကြည့်ခွင့် ရှိပါတယ်။ ညနေစာကိုတော့ သင်ကြိုက်တဲ့ ဆိုင်ကပဲ မှာစားမလား၊ မဟုတ်ဘဲ ခရစ္စမတ်ညစာအတွက် သင်ကိုယ်တိုင် လက်စွမ်းပြမလား စီစဉ်လိုက်ရုံပေါ့။
အပေါ်က အကြံပြုချက်တွေအတိုင်းဆိုရင် အိမ်မှာပဲ ခရစ္စမတ်ကာလကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ပါတယ်။ စဉ်းစားကြည့်လိုက်ရင် ဒီတရက်တာကို အတူတူ မဖြတ်သန်းရရုံနဲ့ ငြီးငြူမနေလိုက်ပါနဲ့။ လက်ရှိ ကြုံတွေ့ နေရတဲ့ အခြေအနေဆိုးကြီးကနေ အခွင့်အရေးရအောင် ဖန်တီးပြီး နှစ်သစ်ကို နည်းလမ်းသစ်တွေနဲ့ ကြိုဆိုကြရအောင်။
Ref: edition.cnn
You may also like these stories:
အစုလိုက် ကူးစက်မှုကြောင့် ဘန်ကောက် နှစ်သစ်ကူးပွဲ အားလုံး ဖျက်သိမ်း
ထိုင်းနိုင်ငံမှာ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ကျင်းပခွင့်ပေးမည်