ထိုင်ဝမ်ပို့ဆောင်ရေးဌာနက COVID-19 ကူးစက်စေမှုနဲ့ EVA Airways ကုမ္ပဏီကို ထိုင်ဝမ်ဒေါ်လာ ၁ သန်း (အမေရိကန်ဒေါ်လာ ၃၅,၀၀၀) ဒဏ်ရိုက်ခဲ့ပါတယ်။ နိုင်ငံတွင်းမှာ ပြည်တွင်း ကူးစက်မှု မရှိဘဲ အချိန်အတော်ကြာ ရှိနေပြီးမှ ရောဂါကာကွယ်ရေးကို ဂရုမစိုက်ခဲ့တဲ့ လေယာဉ်မှူးကြောင့် ၈ လ အတွင်း ပထမဆုံးအကြိမ် ပြန်လည် ကူးစက်ခံခဲ့ရတာပါ။
ထိုင်ဝမ်နိုင်ငံဟာ ဧပြီလ ၁၂ ရက်ကစလို့ ပြည်တွင်းကူးစက်မှု မရှိဘဲ ရက်ပေါင်း ၂၅၀ ကျော်ကြာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ရောဂါကူးစက်ပျံ့နှံ့မှာကို ကာကွယ်တဲ့အနေနဲ့ ပြည်ပက ဆိုက်ရောက်လာသူတိုင်းဟာ လေဆိပ်ထဲမှာ နှာခေါင်းစည်း Mask တပ်ထားရမှာဖြစ်သလို၊ မဖြစ်မနေ Quarantine ဝင်ဖို့ သတ်မှတ်ထားပါတယ်။
ဒီဇင်ဘာ ၂၂ ရက်မှာ အစိုးရရဲ့ ကြေညာချက်အရ အမေရိကန်ခရီးစဉ်ကို ပျံသန်းခဲ့ပြီး COVID-19 ကူးစက်ခံရတဲ့ နယူးဇီလန်နိုင်ငံသား လေယာဉ်မှူးရဲ့ သူငယ်ချင်းဖြစ်သူ ထိုင်ဝမ်နိုင်ငံသူမှာပါ ဗိုင်းရပ်စ်ကူးစက်ထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ EVA Air လေကြောင်းလိုင်းကလည်း အဆိုပါ လေယာဉ်မှူးကို အလုပ်က ထုတ်ပယ်ခဲ့တယ်လို့ ဆိုပါတယ်။
ကူးစက်ခံထားရတဲ့ လေယာဉ်မှူးဟာ သူ ဘယ်သူနဲ့ ထိတွေ့မှုရှိခဲ့တယ်ဆိုတာ သတင်းမပို့ခဲ့သလို၊ ဘယ်နေရာကို သွားရောက်ခဲ့လဲဆိုတာပါ ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် သူဟာ လေယာဉ်မောင်းခန်းမှာပါ နှာခေါင်းစည်း Mask မတပ်ထားခဲ့ဘူးလို့ အစိုးရ တာဝန်ရှိသူတွေဘက်က ပြောကြားချက်အပြီးမှာ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေဘက်က တုန့်ပြန်ချက် ပိုပြင်းထန်လာပါတယ်။
EVA Air လေကြောင်းလိုင်းဟာ ကပ်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေကို လိုက်နာမှု အားနည်းတာကြောင့် ဒဏ်ကြေးပေးဆောင်စေခဲ့တာ ဖြစ်တယ်လို့ ပို့ဆောင်ရေးဝန်ကြီး Lin Chia-lung က ပြောပါတယ်။ EVA Air လေကြောင်းလိုင်းဘက်ကလည်း အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်စကား ဆိုခဲ့ပါတယ်။
၈ လကျော်အတွင်း ပထမဆုံး ပြန်တွေ့ရှိတဲ့ ပြည်တွင်းကူးစက်မှုကြောင့် ထိုင်ဝမ်ခရီးသွားဌာနက စီစဉ်နေတဲ့ နိုင်ငံအရှေ့မြောက်ပိုင်းက နှစ်သစ်ကူးပွဲ အခမ်းအနားကို ဖျက်သိမ်းလိုက်ပါတယ်။ နှစ်သစ်ကူးနေ့မှာ Fulong ကမ်းရိုးတန်းမြို့လေးမှာ နှစ်သစ်ရဲ့ ပထမဆုံး နေထွက်တာကို အတူကြည့်ဖို့ စီစဉ်ခဲ့ကြတာပါ။
တိုင်ပေမှာ ကျင်းပမယ့် နှစ်သစ်ကူးအကြို ပွဲတော်တွေကိုတော့ စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ပွဲကို လာရောက်မယ့်သူ အားလုံးဟာ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း နှာခေါင်းစည်း Mask တပ်ထားရမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်မှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၇၇၇ ဦးရှိပြီး၊ သေဆုံးသူ ၇ ဦး ရှိပါတယ်။ ဆေးရုံတက် ကုသခံနေသူ ၁၃၀ ဝန်းကျင်လောက်သာ ကျန်ရှိနေပါတယ်။
Ref: Reuters
You may also like these stories:
ထိုင်ဝမ်နဲ့ အပြန်အလှန် ခရီးသွားလာရေး ဆက်သွယ်မယ့် ဂူအမ်ကျွန်း
ခရီးသွားတွေနဲ့ ပြန်လည် သက်ဝင်လာတဲ့ တရုတ် ဟာဝိုင်အီ
သြစတြေးလျမှာ နိုင်ငံတကာ လေကြောင်းခရီးစဉ် ပြန်လည် ဆင်းသက်ခွင့်ပြု