ဖင်လန်နိုင်ငံမြောက်ပိုင်း နှင်းဖုံးလွှမ်းနေတဲ့ ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ မွေးရပ်မြေ Rovaniemi မှာတော့ ၂၀၂၀ ခုနှစ်ရဲ့ ခရစ္စမတ်ကာလကို တိတ်ဆိတ် ခြောက်ကပ်စွာနဲ့ ကုန်ဆုံးခဲ့ပါတယ်။ အရင်ကဆို ရေခဲ ရဲတိုက်ကြီးတွေနဲ့ သမင်ကောင်ကြီးတွေ ရှိရာ ဆန်တာကလော့စ် ရွာလေးမှာ ခရစ္စမတ်ဆိုရင် ခရီးသွားဧည့်သည်တွေနဲ့ ပြည့်နှက်နေခဲ့တာပါ။
ကပ်ရောဂါ ကူးစက်မှုကာလ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကြောင့် ဆောင်းရာသီရဲ့ အံ့သြပျော်ရွှင်စရာ Lapland ဒေသ၊ Rovaniemi မြို့မှာ လူသူကင်းမဲ့ပြီး ချောက်ချားစရာ ဖြစ်နေပါတယ်။
“တကယ့်ကို ထူးခြားခြားနဲ့ ခက်ခဲတဲ့ နှစ်တနှစ်ပါပဲ” လို့ ဆန်တာကလော့စ် ဘိုးဘိုးက ညည်းတွားပါတယ်။ အခုတော့ သူဟာ Lapland ကို မလာနိုင်တဲ့သူတွေကို စခရင်ပေါ်ကတဆင့် တယောက်ချင်းစီ မျက်နှာချင်းဆိုင် ဆုမွန်ကောင်း တောင်းပေးနေပါတယ်။
အများစုကတော့ ကျန်းမာဖို့နဲ့ ပျော်ရွှင်စေဖို့ ဆုတောင်းခိုင်းကြပေမယ့် ကလေးတွေကတော့ အရုပ်နဲ့ ဂိမ်းစက်တွေ တောင်းကြတုန်းပဲလို့ ဆိုပါတယ်။ ဆန်တာရဲ့ ဆုမွန်ကောင်း လိုချင်သူတွေက တယောက်ကို ၉၇ ဒေါ်လာနဲ့ ၅ မိနစ်စာ စကားပြောခွင့်ရမှာပါ။
၁၉၈၀ ပြည့်လွန်နှစ်တွေကစလို့ ဆန်တာကလော့စ် ဘိုးဘိုးတွေ နေထိုင်ရာ အာတိတ်ဒေသဝန်းကျင် ဖင်လန်နိုင်ငံမြောက်ပိုင်း၊ Lapland ဒေသရှိ Rovaniemi မြို့လေးကို ခရီးသွားဧည့်သည် ဆွဲဆောင်တဲ့ အနေနဲ့ ဈေးကွက် စတင်ခဲ့တာပါ။ ၂၀၁၉ ခုနှစ်ကဆိုရင် အာရှနဲ့ ဥရောပကနေ ခရီးသွားဧည့်သည် ၂ ဒသမ ၉ သန်းလောက် အလည်အပတ် လာခဲ့ကြပါတယ်။
၂၀၂၀ ခုနှစ်ထဲမှာတော့ ဗိုင်းရပ်စ် ကူးစက်မှုတွေ မဆိုးခင် အစပိုင်းလောက် ခရီးသွားဧည့်သည် သန်းဝက်လောက် လာလည်သွားခဲ့တာပဲ ရှိပါတယ်။
“ဒေသခံတွေရဲ့ နေထိုင်စားသောက်ရေးက တကယ့်ကို အခြေအနေဆိုးထဲ ရောက်နေပါပြီ” လို့ Visit Rovaniemi စီအီးအို Sanna Karkkainen က ဆိုပါတယ်။ “ဒေဝါလီခံတဲ့ သတင်းတွေလည်း စကြားလာရပါပြီ။ နောက်ပိုင်း ဒီ့ထက် ပိုဆိုးလာနိုင်တယ်” လို့ သူက ပြောပြသွားပါတယ်။
ဖင်လန်နိုင်ငံဟာ ကူးစက်ရောဂါကြောင့် နိုင်ငံတကာခရီးသွား ဝင်ရောက်မှုကို ပိတ်ပင်လိုက်ပြီးနောက် Lapland ရှိ အလုပ်အကိုင် ၅,၀၀၀ ကျော်နဲ့ ဝင်ငွေ ယူရို သန်း ၇၀၀ လောက် ဆုံးရှုံးနစ်နာခဲ့ရတယ်လို့ Karkkainen က ဆိုပါတယ်။
ပုံမှန် တနေ့ကို ခရီးသွားဧည့်သည် ၆၀၀ လောက်ဝင်တဲ့ မိသားစုလုပ်ငန်းပိုင် Husky Park ဆိုရင် ဧည့်သည် မရှိပေမယ့် ဖွင့်လှစ်နေဆဲပါ။ “အကောင်းဘက်က ပြန်ကြည့်ရင် ပြည်ပဧည့်သည် မရှိပေမယ့် ပြည်တွင်းဧည့်သည် အရေအတွက် တိုးလာပါတယ်။ အခုဆို တောင်ပိုင်း Lapland က နှင်းတွေဆီ ပြည်တွင်း ခရီးသွားတွေကို ဆွဲဆောင်နေတယ်” လို့ Karkkainen က ပြောပါတယ်။
Santa Park ပိုင်ရှင် Ilkka နဲ့ Katja Lantinen တွေက ဧည့်သည် မဝင်တာကြောင့် ဝန်ထမ်းတွေ လျှော့ချထားပြီး ၂၀၂၁ ခုနှစ် ဆောင်းရာသီမှာ ပြန်ဖွင့်ဖို့ ကြိုးစားနေပါတယ်။
“ကျနော်တို့ အစိုးရက စည်းမျဉ်းတွေကို ၁ လ တကြိမ်လောက်ပဲ ထုတ်ပြန်နိုင်တာပါ။ ဒီအတိုင်းအတာနဲ့တော့ အဆင်မပြေပါဘူး။ ဗိုင်းရပ်စ် အခြေအနေ ကောင်းသွားရင်တော့ ၂၀၂၁ ခုနှစ်ထဲမှာ ကြိုတင်ဘိုကင်တွေ ရလာနိုင်တယ်” လို့ Lantinens က ဆိုပါတယ်။
Ref: The Korea Herald