အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံကြသူတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ ညပိုင်းမှာ အမေရိကန် Capitol အဆောက်အဦကို ဝင်ရောက် စီးနင်းခဲ့ကြပြီးတဲ့နောက် ဟောလိဝုဒ်နဲ့ ဘောလိဝုဒ်အနုပညာရှင် တော်တော်များများဟာ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။
Mark Ruffalo, Chris Evans နဲ့ Sacha Baron Cohen တို့လို နာမည်ကျော်စတားတွေကတော့ အခုလိုမျိုး အဓိကရုဏ်းအပေါ် ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်မှုဟာ မျှတမှု မရှိဘဲ နူးညံ့သိမ်မွေ့လွန်းတယ်ဆိုပြီး အခုနှစ်အစောပိုင်းမှာဖြစ်ခဲ့တဲ့ Black Lives Matters ဆန္ဒပြမှုတွေနဲ့ နှိုင်းယှဉ် ပြောဆိုခဲ့ကြပါတယ်။
“Avengers” ရုပ်ရှင်မင်းသား Chris Evans က “သူတို့ဟာ လူဖြူတွေ မဟုတ်ခဲ့လို့ ရက်ရက်စက်စက် အ သတ်ခံခဲ့ရတယ်ဆိုတာကို တွေးကြည့်လိုက်ပါ” လို့ Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို အချိန်အလိုက် ရေးသားဖော်ပြနေတဲ့ မင်းသား Mark Ruffalo ကတော့ “ဒါဟာ ကျနော်တို့ဘက်က လုပ်တယ်လို့ တွေးကြည့်လိုက်စမ်းပါ။ လမ်းတွေပေါ်မှာ သွေးချောင်းစီးသွားမှာပဲ။ ကျနော်တို့ထဲက တယောက်ကမှ လက်နက်ကိုင်မထားခဲ့ဘူး။ ဒါကိုတော့ ခွင့်ပြုတယ်။ အာဏာသိမ်းဖို့ ကြိုးစားကြတယ်” လို့ ရေးသားခဲ့ပါတယ်။
ဟာသသရုပ်ဆောင် Sacha Baron က “အကြမ်းဖက်မှုတွေကို လှုံ့ဆော်ခဲ့တဲ့အတွက် ဒေါ်နယ်ထရမ့်ကို တားမြမစ်ပိတ်ပင်ပေးဖို့ Twitter နဲ့ Google ကိုတောင်းဆိုခဲ့ပါတယ်။ သူက “ဟေး Mark Zuckerberg, Jack Dorsey, Susan Wojcicki, Sundar Pichai တို့ရေ ဒေါ်နယ်ထရမ့်ကတော့ အမေရိကန်ဒီမိုကရေစီကို တိုက်ခိုက်တဲ့ အကြမ်းဖက်မှုကို လှုံ့ဆော်ပေးခဲ့ပါတယ်။ ဒီလောက်ဆိုရင် အရေးယူဖို့ လုံလောက်နေပြီ မဟုတ်လား။ အခုချက်ချင်း ခင်ဗျားတို့ရဲ့ ပလက်ဖောင်းတွေကနေ ဒေါ်နယ်ထရမ့်ကို တားမြစ်ပိတ်ပင်ဖို့ အချိန်ရောက်ပါပြီ” လို့ ရေးသားခဲ့ပါတယ်။
အိန္ဒိယစတားတွေဖြစ်တဲ့ Richa Chadha, Swara Bhasker, Lisa Ray နဲ့ Celina Jaitley တို့အပြင် တခြားအနုပညာရှင်တွေကလည် အခုလိုမျိုး Capitol စီးနင်းခံရမှုအကြောင်း Twitter ပေါ်မှာရေးသား ခဲ့ကြပါတယ်။
ဘောလိဝုဒ် မင်းသမီး Swara Bhasker က “ဒီလောက်အထိ သူတို့ဘယ်လိုတောင် ခွင့်ပြုနိုင်ရတာလဲ။ ငြိမ်းချမ်းတဲ့ BLM တက်ကြွလှုပ်ရှားသူတွေ ရင်ဆိုင်ခဲ့ရတဲ့ သေနတ်တွေနဲ့ လက်နက်တွေ ဘယ်ရောက်သွားလဲ” လို့ ရေးသားခဲ့ပါတယ်။
ရုပ်ရှင်ဒါရိုက်တာ Ram Gopal Varma ကတော့ Capitol အဆောက်အဦ နံံရံတွေပေါ်ကို တက်ရောက်နေတဲ့ အဓိကရုဏ်းလုပ်ဆောင်သူတွေရဲ့ ဓာတ်ပုံတခုနဲ့အတူ “ဆန္ဒပြသူတွေက Capitol Hill ကို သိမ်းပိုက်လိုက်ပြီ။ ဒါဟာ ဒေါ်နယ်ထရမ့်က အမေရိကန်အတွက် ယူလာပေးတဲ့ အရာပါပဲ။ ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံ့ဖခင်ကြီးတွေလည်း စိတ်ကောင်းကြမှာမဟုတ်ဘူး” လို့ ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ပြုလုပ်ခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်း ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုအပေါ် ကွန်ဂရက်လွှတ်တော်က အတည်ပြုဖို့ လုပ်ဆောင်မှုကို လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေက ကန့်ကွက်ခဲ့ကြပါတယ်။
အဲ့ဒီလူအုပ်ကြီးဟာ ဝါရှင်တန်မြို့တော်မှာရှိတဲ့ Capitol အဆောက်အဦထဲ စီးနင်းဝင်ရောက်ခဲ့ကြတာကြောင့် လွှတ်တော်အမတ်တွေ ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ကြရပြီး အမျိုးသမီး တဦး သေဆုံးခဲ့ရပါတယ်။ Twitter ၊ Facebook နဲ့ Instagram တို့ကတော့ သူတို့ရဲ့ ပလက်ဖောင်းတွေပေါ်မှာ သမ္မတထရမ့်အနေနဲ့ စာရေးသားတင်ခြင်းတွေကို တားမြစ်ထားပါတယ်။
Ref: hindustantimes