တရုတ်နိုင်ငံနဲ့ ရောထွေးမှု မရှိအောင် ထိုင်ဝမ် ပတ်စပို့ ပုံစံသစ် ပြောင်းလဲ
ပြောင်းလဲ ပြင်ဆင်လိုက်တဲ့ ထိုင်ဝမ်နိုင်ငံရဲ့ ပတ်စပို့စာအုပ် ပုံစံသစ်ဟာ ဇန်နဝါရီ ၁၁ ရက်မှာပဲ တရားဝင် ထွက်ရှိလာပါပြီ။ ယခင် ပုံစံဟောင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း တရုတ်နိုင်ငံနဲ့ ဆင်တူ အမြင်မှား ဆက်ဆံခံရတာတွေ ကြုံတွေ့ခဲ့တာကြောင့် ပြောင်းလဲ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ပတ်စပို့ပုံစံ အဟောင်းရဲ့ ထိပ်ပိုင်းမှာ အင်္ဂလိပ်စာလုံးနဲ့ “Republic of China” လို့ ရေးသားထားပြီး စာအုပ် အောက်ခြေမှသာ “Taiwan” လို့ ရေးသားထားတာကြောင့် နိုင်ငံတကာမှာ ၂ နိုင်ငံ ရောထွေးမှုတွေ ဖြစ်စေတယ်လို့ ထိုင်ဝမ်အစိုးရက ပြောကြားခဲ့ပါတယ်။
ကပ်ရောဂါကာလ အစပိုင်းမှာ ပတ်စပို့ ပုံစံကြောင့် ရောဂါကူးစက်မှုကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တဲ့ ထိုင်ဝမ်နိုင်ငံကို တရုတ်နိုင်ငံနဲ့ အမြင်မှားခံခဲ့ရပြီး COVID-19 ကူးစက်မှုကြောင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံရတာမျိုး မမျှမတ ဆက်ဆံခံခဲ့ရတယ်လို့ ဆိုပါတယ်။
ပတ်စပို့ပုံစံ အသစ်မှာတော့ “Taiwan” အင်္ဂလိပ်စာလုံးကို ယခင်ထက် အရွယ်အစား ပိုကြီးအောင်ပြောင်းလဲထားပြီး “Republic of China” အင်္ဂလိပ်စာသားကို ဖြုတ်လိုက်ပေမယ့် တရုတ်စာလုံးနဲ့ ရေးသားထားတာရယ်၊ နိုင်ငံတော်တံဆိပ် ပတ်လည်မှာ “Republic of China” စာသားအသေးနဲ့ ထည့်ထားတာတွေကို အရင်အတိုင်း ထားရှိပေးထားပါတယ်။
တရားဝင် စတင် ပြောင်းလဲလိုက်တဲ့ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းမှာတင် စာအုပ်အသစ် လျှောက်လွှာတင်သူ ၇၀၀ နီးပါး လက်ခံရရှိခဲ့တယ်လို့ Bureau of Consular Affairs ဌာန အကြီးအကဲ Phoebe Yeh က ဆိုပါတယ်။
“စာအုပ်ပုံစံအသစ် ပြောင်းလဲလိုက်တဲ့ ရည်ရွယ်ချက်ကတော့ ကျမတို့ ထိုင်ဝမ်နိုင်ငံသားတွေ နိုင်ငံရပ်ခြား သွားလာတဲ့အခါ တရုတ်နိုင်ငံနဲ့ မရောထွေးတော့ဘဲ ပိုပြီး သိသာမြင်သာ ဖြစ်လာစေချင်တဲ့ ရည်ရွယ်ချက်ပါ” လို့ Yeh က ဆိုပါတယ်။
“အရမ်းကို ကောင်းပါတယ်။ ကျနော်အရင်တည်းက ဖြစ်လာပါစေ တွေးနေခဲ့တာ။ မကြာခင်တော့ Republic of China စာသားပျောက်သွားပြီး ထိုင်ဝမ်ဆိုတဲ့ စကားလုံး ပိုပေါ်လွင်လာမှာပါ” လို့ ပတ်စပို့စာအုပ်အသစ် လျှောက်လွှာတင်သူ Chen Li-ting က ပြောသွားပါတယ်။
တရုတ်နိုင်ငံဘက်ကတော့ ထိုင်ဝမ်ရဲ့ ပတ်စပို့ ပုံစံသစ်နဲ့ ပတ်သက်ပြီး အရေးကြီးကိစ္စရပ် မဟုတ်ကြောင်း၊ ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးနဲ့ ခွဲခြားထားလို့ မရတဲ့ အစိတ်ပိုင်း တဒေသဆိုတာ ပြောင်းလဲသွားမှာ မဟုတ်ကြောင်း ပြန်လည် ပြောဆိုလိုက်ပါတယ်။
Ref: Reuters
You may also like these stories:
Paris Fashion Week ကို ဒစ်ဂျစ်တယ် စနစ်ဖြင့်သာ ကျင်းပမည်
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာတဲ့ သူဌေးကြီး Elon Musk
တိုကျိုနဲ့ အနီးဝန်းကျင် ၃ နေရာကို အရေးပေါ်အခြေအနေ ကြေညာ