ရုရှားနိုင်ငံသူတဦးဟာ ရေခဲနေတဲ့ ဆိုက်ဘေးရီးယား ရေကန်ထဲမှာ ၁ မိနစ်ကျော်ကြာ ရေကူးပြပြီး ဂင်းနက် စံချိန်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရေကူးဝတ်စုံ တစုံတည်းနဲ့ ၈၅ မီတာ (၂၇၉ ပေ) ကို ၁ မိနစ်ခွဲကြာ ရေကူးခဲ့တာပါ။
အသက် ၄၀ အရွယ် Yekaterina Nekrasova ဟာ ဆိုက်ဘေးရီးယားရှိ ရေခဲနေတဲ့ Lake Baikal (ခေါ်) ဘိုင်ကယ် ရေချိုကန်ထဲ မဆင်းခင် ကူညီပေးနေတဲ့ အဖွဲ့ဝင်တွေက ၁၀ လက်မ အထူ ရေခဲကို ဖြတ်ထုတ်ပေးပြီးမှ ကြိုးလှေကားကတဆင့် ဆင်းပြီး ရေအောက်မှာ ၁ မိနစ်ကျော်ကြာ ကူးခတ်ပြခဲ့တာပါ။
အဆိုပါ စံချိန်တင် ကြိုးပမ်းမှုကို ရုရှားနိုင်ငံရဲ့ ရိုးရာ ခရစ္စမတ်နေ့ ဇန်နဝါရီ ၇ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဂင်းနက် စံချိန်ဝင်လိမ့်မယ်လို့ Yekaterina Nekrasova ကတော့ ယုံကြည်နေပါတယ်။ Guinness World Record အဖွဲ့ကြီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပေးပို့ထားတဲ့ အချက်အလက် မှတ်တမ်းတွေကို ရရှိထားတယ်လို့ ဆိုပါတယ်။
မှတ်တမ်းဗီဒီယို ရဖို့အတွက် သူမရဲ့အဖွဲ့ဝင်တွေက ရေငုပ်ဝတ်စုံပြည့် ဝတ်ဆင်ပြီး နောက်ကနေ တောက်လျှောက် လိုက်ရိုက်နေခဲ့သလို အရေးပေါ်အခြေအနေ ဖြစ်လာခဲ့ရင် ကူညီဖို့အတွက်လည်း ရှိနေပေးခဲ့ကြတာပါ။ Yekaterina Nekrasova ကတော့ ရေကူးဝတ်စုံ တမျိုးတည်းကိုသာ ဝတ်ဆင်ထားပြီး ခြေဗလာနဲ့ ကူးခတ်ပြခဲ့တာ ဖြစ်ပါတယ်။
စံချိန်ဝင်ဖို့ ကြိုးစားနေတဲ့ သူမအတွက် ရေပေါ်ရေအောက် ရိုက်ကူးမှုတွေနဲ့အတူ အဖွဲ့တခုလုံး ကြိုးစားပေးခဲ့ကြတာပါ။ အင်္ဂလိပ်စာနဲ့ ရေးသားဖော်ပြတဲ့ The Siberian Times ရဲ့ Twitter မှာ တင်ပေးထားတဲ့ ဗီဒီယိုမှာ Nekrasova ဟာ ကြိုးလှေကားက တဆင့် ရေအောက်ထဲ ဆင်းသွားပြီးနောက် လမ်းကြောင်းအရှည်ကို ကေဘယ်လ်ကြိုးနဲ့ တိုင်းပေးထားပြီး ၁ မိနစ်ခွဲ အကြာမှာ ရေပေါ်ပြန်တက်လာခဲ့တာပါ။
Nekrasova တယောက် စံချိန်တင်ဖို့ ရေနက်ထဲ ဆင်းမကူးခင် တိုင်းတာချက်အရ ဘိုင်ကယ်ကန်ဟာ အနုတ် ၃၂ ဒီဂရီဖာရင် ဟိုက်ဝန်းကျင်လောက်ထိ အေးခဲနေပါတယ်။ ရေကူးကန်ပေါ် ပြန်တက်လာချိန်မှာ အဖွဲ့သားတွေကို Nekrasova က အဆင်ပြေကြောင်း အင်္ဂလိပ်လို ပြန်ပြောခဲ့ပါတယ်။
“ရေထဲဆင်းခါနီး လှေကားနားရောက်တော့ လေအေးတွေ တအားတိုက်လာတယ်။ အသက်ကို မှန်မှန်ရှုပြီး အပေါ်ဝတ်တွေချွတ် မျက်မှန်တပ်ပြီးတာနဲ့ ခပ်မြန်မြန် ရေထဲဆင်းလိုက်တယ်။ နှလုံးခုန် မှန်အောင် စက္ကန့် ၃၀ လောက် ရေခဏ စိမ်ပြီးမှ ရေနက်ထဲဆင်း ဖြည်းဖြည်းမှန်မှန်ပဲ ကူးခဲ့ပါတယ်” လို့ Nekrasova က ပြောပြပါတယ်။
Nekrasova စံချိန်တင်ဖို့ ကြိုးစားခဲ့တဲ့ ဘိုင်ကယ် ရေချိုကန်ကြီးဟာလည်း ကမ္ဘာ့စံချိန် မှတ်တမ်းတွေ ရှိပါတယ်။ ခန့်မှန်းခြေ နှစ်ပေါင်း သန်း ၂၀ ကနေ ၂၅ သန်းကြားရှိလို့ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး ရေချိုကန် ဖြစ်ပါတယ်။ အကြီးဆုံး ရေချိုကန်ကြီးဟာ အနက် ၅,၃၁၅ ပေ ရှိလို့ ကမ္ဘာပေါ်မှာ အနက်ဆုံးကန် ဖြစ်သလို ထုထည်အများဆုံး ဖြစ်တာကြောင့် ကမ္ဘာ့ရေချို ၅ ပုံ ၁ ပုံ လောက်ရှိတဲ့ ပမာဏလည်းဖြစ်ပါတယ်။
ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသ တောင်ပိုင်း Irkutsk Oblast ဒေသမှာ ရှိတဲ့ ဘိုင်ကယ်ကန်ကြီးဟာ ရှေးကာလ ကျောက်လွှာများ ရွှေ့လျားမှုကြောင့် ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး လခြမ်း ပုံသဏ္ဍာန် ရှိပါတယ်။ ယူနက်စကိုကနေ ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် ၁၉၉၆ ခုနှစ်မှာ ကြေညာပေးခဲ့ပါတယ်။
Ref: edition.cnn