နိုင်ငံတနိုင်ငံကို သွားရောက် လည်ပတ်မယ်ဆိုရင် ထူးခြားပြီး သက်ဆိုင်ရာ ဒေသအလိုက် ထင်ရှားကျော်ကြားတဲ့ အမှတ်တရ ပစ္စည်းတွေ ရှိတတ်ပါတယ်။ အရှေ့အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ကျွန်းမှာလည်း မပါမဖြစ် အိမ်ပြန်လက်ဆောင် ဝယ်သွားသင့်တဲ့ ပြည်တွင်းထုတ်ကုန် နာမည်ကျော်ပစ္စည်းတွေ ရှိပါတယ်။
(၁) ထိုင်ဝမ် လက်ဖက်ခြောက်
ထိုင်ဝမ် အူလောင်လက်ဖက်ခြောက်လို့ လူသိများ ထင်ရှားတဲ့ နာမည်ကျော် ပြည်တွင်းထုတ်ကုန်ဟာ ၁၉၈၀ ကျော်နှစ်ကတည်းက နိုင်ငံရဲ့ အဓိက ပို့ကုန်တခုအဖြစ် ရပ်တည်နေခဲ့တာပါ။ လက်ဖက်ရည် ယဉ်ကျေးမှု ထွန်းကားတဲ့ ထိုင်ဝမ်မှာ ရွှေတံဆိပ်ဆုရ ကမ္ဘာ့ဈေးအကြီးဆုံး လက်ဖက်ရည်တွေကိုလည်း မြည်းစမ်းကြည့်နိုင်ပါသေးတယ်။
သဘာဝအတိုင်း အချိုနည်းပြီး မွှေ့ပျံ့တဲ့ ရနံ့ကို ခံစားမိစေနိုင်သလို နောက်ဆုံးတငုံ ကျန်တဲ့အထိ အရသာ အပြည့်အဝ ခံစားနိုင်မယ့် ထိုင်ဝမ်ရဲ့ နာမည်ကျော် လက်ဖက်ရည်ပါ။ အမျိုးအစားအလိုက် ထုပ်ပိုးမှု ပုံစံပေါ် မူတည်ပြီး ဂရမ်ထုပ်လေးတွေအပြင် ကီလိုထုပ်တွေကို ထိုင်ဝမ်ဒေါ်လာ ၂၀-၃၀ ကနေ ၁၀၀-၃၀၀ လောက်ထိ အိမ်အပြန် မျက်နှာပန်းလှဖို့ စိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်ပါတယ်။
(၂) နာနတ်သီးကိတ်
ထိုင်ဝမ်ရဲ့ နောက်ထပ် နာမည်ကျော် နာနတ်သီးကိတ်မုန့်ကို “Golden Bricks” လို့လည်း ချစ်စနိုးခေါ်ကြပြီး ဒေသထွက် ကုန်ကြမ်းတွေကို အသုံးပြုပြီး အနောက်တိုင်းစတိုင် မုန့်မျိုး ပေါင်းစပ်ထားတာပါ။ ထိုင်ဝမ်ကို လာရောက် လည်ပတ်တဲ့ ခရီးသွားတွေကြား ရေပန်းစားတဲ့ အစားအစာလည်း ဖြစ်ပါတယ်။ တကိုက် စားကြည့်လိုက်တာနဲ့ နူးညံ့ပြီး ကြွပ်ရွနေတဲ့အပြင် ဌာပနာထားတဲ့ နာနတ်သီး အရသာကို ထိထိမိမိ ခံစားမိစေမယ့် မုန့်အချို တမျိုးပါ။
ပုံစံမပျက် သယ်သွားနိုင်တဲ့ ထုပ်ပိုးမှုရယ်၊ နာနတ်သီးပုံလေးနဲ့ တရုတ်လို ထိုင်ဝမ်လို့ ရေးထားတဲ့ စာလုံးတွေနဲ့ ဒီဇိုင်းဆင်ထားတဲ့ တခါစားအထုပ် ၁၂ ထုပ်ပါ တဘူးကိုမှ ထိုင်ဝမ်ဒေါ်လာ ၁၀ ကနေ ၂၀ ကြားပဲရှိလို့ ဈေးသင့်ပြီး ထိုင်ဝမ်အပြန် မဖြစ်မနေ သယ်သွားသင့်တဲ့ အိမ်ပြန်လက်ဆောင် စာရင်းထဲ ထည့်ထားသင့်ပါတယ်။
(၃) ဆီစိမ်စက္ကူ ထီး
ဧည့်ခန်းထဲမှာ အလှထားရင်း မြင်လိုက်တိုင်း ထိုင်ဝမ်ခရီးစဉ်ကို ပြန်အမှတ်ရမိတဲ့အထိ ခေါ်ဆောင်ပေးနိုင်မယ့် ဒီဇိုင်းဆန်းဆန်းနဲ့ ထီးလှလှလေးတွေပါ။ ဝါးကနေ ထုတ်ထားတဲ့ စက္ကူအလွှာပါးလေးတွေပေါ်မှာ ဆေးရောင်ခြယ်ထားပြီး အရောင်တင်ဆီ သုတ်လိမ်းထားတာ ဖြစ်ပါတယ်။
နေပူဒဏ်က ကာကွယ်ပေးနိုင်သလို၊ အံ့သြသင့်စရာ မိုးရေစက်လေးတွေကိုပါ လုံခြုံအောင် မိုးပေးထားနိုင်ပါသေးတယ်။ ရိုးရာမင်္ဂလာ အခမ်းအနားတွေမှာလည်း ပျော်ရွှင်ခြင်း အဓိပ္ပာယ်ဆောင်တဲ့ ဒီဆီစိမ် စက္ကူထီးလေးတွေက ပါဝင်နေပြန်ပါတယ်။ တယောက်နဲ့ တယောက် ကံကောင်းစေဖို့ အဓိပ္ပာယ်နဲ့ ပေးတတ်ကြတဲ့ ထီးလေးတွေရဲ့ တန်ဖိုးက ထိုင်ဝမ်ဒေါ်လာ ၂၀ လောက် ရှိပြီး ၁၉ လက်မအရွယ် ဆိုရင်တော့ ၄၀ လောက်ထိ ပေးရပါတယ်။
(၄) အသားပုံ ကျောက်တုံး
ရှေးဘုရင်တွေ လက်ထက်ကတည်းက တည်ရှိလာတဲ့ အသားပုံ ကျောက်တုံးလေးတွေထဲက နာမည်ကျော် အနုပညာပုံ စံ ၂ မျိုးကို ထိုင်ဝမ်အမျိုးသား နန်းတော် ပြတိုက်မှာ သွားရောက် လေ့လာနိုင်ပါတယ်။ အဝေးကကြည့်လိုက်ရင် တကယ့်အသားအစစ်လို ထင်မှတ်မှားစေမယ့် ထူးခြားတဲ့ ကျောက်တုံးတွေပါ။ ဝက်သားကို ပဲငံပြာရည်နဲ့ ချက်ထားတဲ့အလား မြင်လိုက်ရမယ့် အသားပုံ ကျောက်တုံးတွေက ထိုင်ဝမ်ပြည်တွင်း အမှတ်တရ ပစ္စည်းအဖြစ် နာမည်ကျော်ပါတယ်။
အချိန်ကာလ ရွှေ့လျားလာတာနဲ့မျှ အရောင်အမျိုးမျိုး ပြောင်းသွားတဲ့ ကျောက်လွှာချပ်တွေကို ပညာရှင်တွေက ဝက်သားသုံးထပ်သားပုံစံ အဆီတထပ်၊ အသားတထပ်ဖြစ်အောင် ဆေးခြယ်အသက်သွင်းထားတဲ့ အသားပုံစံ ကျောက်တုံးတွေကို အမှတ်တရ ဝယ်သွားချင်ရင် ထိုင်ဝမ်ဒေါ်လာ ၂၀၀ ဝန်းကျင် ရှိပါတယ်။
(၅) ဝက်သားမွကြော်
အစားသမားတွေ သဘောကျမယ့် မူလ တရုတ်နိုင်ငံ၊ ဖူဂျန်ဒေသက ဆင်းသက်လာတဲ့ ဝက်သားမွကြော်ကတော့ စားလိုက်တာနဲ့ အသားမွှမွှလေးတွေက နူးနူးညံ့ညံ့နဲ့ ပါးစပ်ထဲ ပျော်ဝင်သွားပါတယ်။ ပဲငံပြည်ရည်အချိုနဲ့ ဝက်သားရဲ့ ပေါင်းစပ်မှုကြောင့် အချို၊ အငန် အရသာကို တပြိုင်တည်း ခံစားမိစေမှာပါ။
ထိုင်ဝမ်နိုင်ငံမှာ ထမင်းပူပူလေးနဲ့ပဲ တွဲစားစား၊ တို့ဖူးဟင်းနဲ့ပဲ တွဲစပ်စပ်၊ မုန့်တွေပေါ်မှာလည်း တွဲဖက်စားတတ်ကြပါတယ်။ မနက်စာအဖြစ်ရော၊ နေ့လယ်စာအဖြစ်ပါ အဆင်ပြေစေမယ့် ဝက်သားမွှကြော် ၁၀၀ ဂရမ်ကို ထိုင်ဝမ်ဒေါ်လာ ၂၅ ကျသင့်ပါမယ်။ Rousong လို့ခေါ်တဲ့ အသားမွှကြော်ကို ဝက်သားအပြင် ငါး ဒါမှမဟုတ် အမဲသားနဲ့လည်း ပြုလုပ်လေ့ ရှိပါတယ်။
Ref: GPS My City
You may also like these stories:
နဂါးမောက်သီးကို တရုတ်နှင့် သက်ဆိုင်သည်ဟုဆိုကာ အိန္ဒိယမှာ နာမည် ပြောင်းလဲ
အချိုပွဲအတွက် အမြင်လှစေမယ့် သီးစုံ ကျောက်ကျောကိတ်