Trend

ကာဗွန်ဖမ်းယူမှု နည်းပညာ တီထွင်နိုင်သူကို Elon Musk ဒေါ်လာ သန်း ၁၀၀ ချီးမြှင့်မည်

Want create site? Find Free WordPress Themes and plugins.

Tesla အမှုဆောင်အရာရှိချုပ်နဲ့ ဘီလျံနာ စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီး Elon Musk က ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ဖမ်းယူနိုင်မယ့် အကောင်းဆုံး နည်းပညာ တီထွင်နိုင်သူကို ဆုကြေး ဒေါ်လာ သန်း ၁၀၀ ချီးမြှင့်မယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာပဲ သူ့ရဲ့ Twitter အကောင့်ကနေ ရေးသားခဲ့ပါတယ်။

ကမ္ဘာကြီးကို ပူနွေးစေတဲ့ ကာဗွန် ထုတ်လွှတ်မှုကို ဖမ်းယူခြင်းဟာ ရာသီဥတု ပြောင်းလဲမှုကို ထိန်းသိမ်းဖို့အတွက် အစီအစဉ် တော်တော်များများထဲက အဓိကကျတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါပေမဲ့ လေထဲက ကာဗွန်ကို ဖမ်းယူဖို့ဆိုတာထက် ကာဗွန် ထုတ်လွှတ်မှုကို ဖြတ်တောက် လျှော့ချဖို့သာ အာရုံ စိုက် လုပ်ဆောင်နေကြပြီး ခေတ်မီတဲ့ နည်းပညာ တီထွင်ဖို့မှာလည်း တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ နိုင်ငံတကာ စွမ်းအင်အေဂျင်စီက ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကာဗွန်ထုတ်လွှတ်မှု လုံးဝ မရှိတော့သည်အထိဆိုတဲ့ ရည်မှန်းချက်ကို ပြည့်မြောက်နိုင်မှု မရှိဘူးဆိုရင် ကာဗွန် ဖမ်းယူမယ့် နည်းပညာ ဖြန့်ကျက်ချထားမှု လိုအပ်လာနိုင်တယ်လို့ ပြောဆိုထားပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး Musk က “အကောင်ဆုံး ကာဗွန်ဖမ်း နည်းပညာအတွက် ဆုကြေး ဒေါ်လာ သန်း ၁၀၀ လှူဒါန်းပါမယ်” လို့ Twitter မှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယမြောက် ပို့စ်မှာတော့ “နောက်တပတ် အသေးစိတ်သိရမယ်” လို့ ကတိပေးခဲ့ပါတယ်။

Tesla ကုမ္ပဏီတာဝန်ရှိသူတွေကတော့ ထပ်ဆောင်း သတင်း အချက်အလက် တောင်းခံမှုကို ချက်ချင်းတုံ့ပြန်တာမျိုး မရှိသေးပါဘူး။ PayPal Holdings Inc ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သူ သူဌေးကြီး Musk က ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး ကုမ္ပဏီတချို့ကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

Tesla ကုမ္ပဏီအပြင် သူဟာ SpaceX လို Rocket ဒုံးကျည် ကုမ္ပဏီနဲ့ လူသား ဦးနှောက်ကနေ ကွန်ပျူတာတွေဆီ ဆက်သွယ်မယ့် မြန်နှုန်းမြင့် ဦးနှောက်စက်တခုကို ထုတ်လုပ်နေတဲ့ Neuralink ကုမ္ပဏီကိုလည်း ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

မကြာသေးခင်ကမှ အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုထားတဲ့ ဂျိုးဘိုင်ဒန်ကလည်း ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်မယ့် အစီအစဉ် တစိတ်အပိုင်းအဖြစ် ကာဗွန်းဖမ်းယူမှု နည်းပညာတီထွင်မှုကို အရှိန်မြှင့်မယ်လို့ ကတိပေး ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ သမ္မတ ဘိုင်ဒန်ဟာ ကာဗွန် ဖယ်ရှားရေး နည်းပညာအရေး ကျွမ်းကျင်သူ Jennifer Wilcox ကို အမေရိကန် စွမ်းအင်ဝန်ကြီးဌာနမှာ ရုပ်ကြွင်းစွမ်းအင် လက်ထောက်ဝန်ကြီးအဖြစ် နာမည်စာရင်း တင်သွင်းခဲ့ပါတယ်။

Ref: nbcnews

Did you find apk for android? You can find new Free Android Games and apps.
Loading