မြန်မာနိုင်ငံမှာ အရပ်သားအစိုးရအား ဖြုတ်ချပြီး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းကာ စစ်အာဏာ သိမ်းယူခဲ့ပြီးနောက် ထောင်သောင်းချီတဲ့ မြန်မာပြည်သူတွေဟာ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာမှာ ဒီမိုကရေစီအရေးအတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၁၉၈၈ ခုနှစ်ကတကြိမ်၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ တကြိမ်၊ ဆန္ဒပြပြည်သူတွေနဲ့ ဘုန်းတော်ကြီးတွေဟာ အဓိကရုဏ်းကြားမှာ သွေးမြေခခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
အာဏာသိမ်းအစိုးရက ညမထွက်ရအမိန့်နဲ့ စုဝေးခွင့် တားမြစ်ချက်တချို့ကို ပိုမို တင်းကျပ်လိုက်ပြီးနောက် ဆန္ဒပြပွဲ ၄ ရက်မြောက်နေ့မှာ အစရက်တွေနဲ့မတူ ဆန္ဒပြသူ အရေအတွက် ပိုမိုများပြားလာပါတယ်။ အာဏာရှင်ကို ဆန့်ကျင်တဲ့ လက် ၃ ချောင်းထောင် ဆန္ဒပြ သင်္ကေတဟာလည်း လူအများကြားမှာ ပိုမို ထင်ရှားလာခဲ့ပါတယ်။
နိုင်ငံတကာက အထူးအလေးပေး စောင့်ကြည့်နေတဲ့ မြန်မာအရေး လှုပ်ရှားမှုတွေထဲမှာ လူငယ်တွေရဲ့ သစ်လွင် ဆန်းပြားစွာ ဖန်တီးထားတဲ့ ဆန္ဒထုတ်ဖော်ပုံတွေကလည်း နိုင်ငံတကာ စာမျက်တွေပေါ်မှာ နေရာယူနိုင်ခဲ့ပြန်ပါတယ်။ ယခင်လို ပုံမှန် မြင်တွေ့နေကျ ဆန္ဒထုတ်ဖော်ပုံတွေအစား Meme Culture ထည့်သွင်း အသုံးပြုလာတဲ့နည်းဟာ လူကြီးတွေနဲ့ အမြင်မတူတာမျိုးတွေ ရှိနေပမယ့် ကမ္ဘာသိအောင် ချပြနိုင်ခဲ့ပါတယ်။
ယခင်လို သွေးမြေခ ဆန့်ကျင်မှုမျိုးတွေအစား ငြိမ်းချမ်းစွာနဲ့ အိုင်ဒီယာ အဆန်းတွေသုံး ကမ္ဘာက အာရုံစိုက်လာအောင် လုပ်နေကြတာဟာ တကယ်ပဲ အလုပ်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့မီဒီယာ အသီးသီးမှာ ဖော်ပြခဲ့ကြတဲ့အထိ ရှိလာသလို၊ သံပုံးတီး လှုပ်ရှားမှုမျိုးဆိုရင် အိမ်နီးချင်း ထိုင်းနိုင်ငံကတောင် ပြန်အတုယူ သုံးနေတာမျိုးအထိ အောင်မြင်နေပါတယ်။
မြန်မာနိုင်ငံရဲ့ ယနေ့ခေတ် လူ့အဖွဲ့အစည်းဟာ ၁၉၈၈ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေနဲ့မတူ ကွဲပြားခြားနာလာခဲ့တာကို လတ်တလော ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကတဆင့် မြင်တွေ့နိုင်မှာပါ။ စမတ်ဖုန်းတွေနဲ့ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့သုံးစွဲခွင့်ရခဲ့တဲ့ လူငယ်တွေဟာ ယခင် ပုံစံဟောင်းနဲ့ ကွဲထွက်ပြီး ဖန်တီးမှု အသစ်တွေနဲ့ ဒီမိုကရေစီအရေးကို ပြန်လည် တိုက်ယူနေကြပါတယ်။
နောက်ထပ်လည်း အိုင်ဒီယာ အသစ်ဆန်းတွေနဲ့ တင်ပြပုံ အမိုက်စားတွေကို မြန်မာလူငယ်တွေ ဘယ်လိုချပြဦးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေထဲမှာ ပြည်သူတွေနဲ့အတူ အစိုးရဝန်ထမ်း၊ ဆေးဘက်ဆိုင်ရာ ဆရာဝန်တွေအပြင် ပုဂ္ဂလိက ဝန်ထမ်းတွေပါ အလွှာပေါင်းစုံ ပူးပေါင်း ပါဝင်လာကြပါပြီ။
Ref: Mothership
You may also like these stories:
“ပြည်သူတွေကို လက်နက်နဲ့ ပစ်တာ လူမဆန်တဲ့ လုပ်ရပ်”လို့ ပိုးလေး ပြော
“ပြည်သူတွေကို လက်နက်နဲ့ မပစ်ပါနဲ့”လို့ ဆင်မ တောင်းဆို
CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းများကို ကူညီမယ့် ခီမောင်နှံ