အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုနဲ့ အကြမ်းမဖက် ဆန့်ကျင်လှုပ်ရှားမှုတွေကို အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု (Civil Disobedience) ခေါင်းစဉ်အောက်မှာ လုပ်ဆောင်ကြပါတယ်။
အကြမ်းဖက် နည်းလမ်းတွေကို ဖယ်ရှားပြီး အာဏာဖီဆန်ရေး လှုပ်ရှားမှုဖြစ်ရန် လိုအပ်သလို လူသားချင်း စာနာမှုကင်းတဲ့ မတရားအမိန့် အာဏာ၊ ဥပဒေတွေကို ဆန့်ကျင်တဲ့အခါ ပြည်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်တဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။
နိုင်ငံတကာမှာလည်း အကြမ်းမဖက် ဆန့်ကျင်လှုပ်ရှားမှုအဖြစ် အသုံးပြုခဲ့တဲ့ Civil Disobedience Movement (CDM) လှုပ်ရှားမှုတွေမှာ အောင်မြင်ရေး မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ သမိုင်းတွေ ရှိပါတယ်။
၁၈၀၀ ပြည့်နှစ် နောင်းပိုင်းတွေကနေစပြီး အမေရိကန်ပြည်ထောင်စုမှာ လှုပ်ရှားမှုတွေ စတင်ခဲ့သလို၊ အီဂျစ်မှာလည်း အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု၊ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖြစ် အိန္ဒိယမှာ မဟတ္တမဂန္ဒီ ဦးဆောင်ခဲ့တဲ့ လှုပ်ရှားမှုတွေအပြင် မကြာသေးခင်က တော်လှန်ရေး လှုပ်ရှားမှုတွေမှာပါ တွေ့မြင်ရပါတယ်။
အမေရိကန်နိုင်ငံမှာ လူမည်းတွေအတွက် သီးသန့် ခွဲခြားထားတဲ့ ဘတ်စ်ကား ဥပဒေကို ပြန်လည် ပြင်ဆင်ခွင့်ရခဲ့တဲ့ သာဓကတွေအပြင်၊ မာတင်လူသာကင်း ဂျူနီယာနဲ့ ပြည်သူ့အရေး လှုပ်ရှားသူ ခေါင်းဆောင်တွေကလည်း အမေရိကန်ပြည်ထောင်စု နိုင်ငံသားအခွင့်ရေး လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့ကြဖူးပါတယ်။
မဟတ္တမဂန္ဒီ ဦးဆောင်တဲ့ လူထုလှုပ်ရှားမှုကတော့ ဗြိတိသျှအစိုးရကို လပေါင်းများစွာ ဆန့်ကျင်ခဲ့ကြပြီး လူထု အားပေးမှု အရှိန်အဟုန် ရခဲ့သလို၊ ထောင်သွင်း အကျဉ်းချခံရတာတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဗြိတိသျှခေါင်းဆောင်တွေဟာ ဂန္ဒီနဲ့ သဘောတူညီမှု ရယူပြီး ဖမ်းဆီးခံထားရသူတွေ ပြန်လည် လွတ်ပေးခဲ့တဲ့အပြင် တောင်းဆိုချက်တွေကိုပါ လိုက်လျောပေးခဲ့ကြပါတယ်။
၁၉၈၆ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုကနေ လက်ဗီးယား၊ အက်စ်တိုနီးယားနဲ့ လစ်သူရေးနီးယားနိုင်ငံ လွတ်လပ်ရေးရဖို့ ထောင်သောင်းချီတဲ့ လူစုကြီးဟာ လမ်းမတွေပေါ်ထွက် သီချင်းဆိုခဲ့ကြပါတယ်။ The Singing Revolution ကြောင့် ၁၉၉၁ ခုနှစ်မှာတော့ ရုရှားအစိုးရအသစ်ဟာ အက်စ်တိုးနီးယားအပါအဝင် တခြား Baltics ပြည်နယ်တွေကို သီးခြားလွတ်လပ်ခွင့် အသိအမှတ် ပြုပေးခဲ့ရပါတယ်။
အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုတွေဟာ အကုန်လုံးတော့ အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ လူထု စိတ်ဝင်စားမှု အများအပြားရခဲ့ပေမယ့် လက်လွတ် ဆုံးရှုံးခဲ့ရတဲ့ လှုပ်ရှားမှုတွေကနေလည်း သင်ခန်းစာ ယူစရာတွေ ရှိနေပါတယ်။
၁၈၀၀ ပြည့်နှစ်အလယ်လောက်မှာ စာရေးဆရာနဲ့ အတွေးအခေါ်ပညာရှင် Henry David Thoreau ရဲ့ Civil Disobedience စာကြောင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို လူသိများလာခဲ့ပေမယ့် သူတောင်းဆိုခဲ့တဲ့ အခွန်ဥပဒေ ပြောင်းလဲရေးတွေဟာ အောင်မြင်မှု မရခဲ့ပါဘူး။
၁၉၆၀ ပြည့်လွန်နှစ်တွေက တောင်အာဖရိကနိုင်ငံမှာ မင်ဒဲလား ခေါင်းဆောင်ပြီး လူထုလုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အဓိက ဦးတည်ချက်ကို မရောက်ရှိခဲ့ဘဲ ဖြိုခွင်းခံရတာကြောင့် Civil Disobedience Movement လုပ်ဆောင်မှုတွေ ရပ်ဆိုင်းသွားခဲ့ရပါတယ်။
Ref: Your Dictionary
You may also like these stories:
မြန်မာလူငယ်တွေ ချပြခဲ့တဲ့ သစ်လွင်ဆန်းပြားတဲ့ ဆန္ဒထုတ်ဖော်ပုံများ
တိုကျိုအိုလံပစ် ပြိုင်ပွဲအတွက် ကနဦး စည်းကမ်းချက်များ ထုတ်ပြန်
မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုများ ပိတ်ပင်ခံထားရကြောင်း Facebook အတည်ပြု