နော်ဝေ ဆက်သွယ်ရေး အော်ပရေတာ Telenor က ဝန်ထမ်းတွေရဲ့ ဘေးကင်း လုံခြုံရေးအတွက် စိုးရိမ်ရမှုတွေကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ပိုင်း အဓမ္မ အင်တာနက် ဖြတ်တောက်ခံရမှု စာရင်း ထုတ်ပြန်မှုတွေကို ရပ်ဆိုင်းသွားမယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
လက်ရှိအချိန်မှာတော့ စစ်အစိုးရဟာ နိုင်ငံတော်အာဏာကို ရယူပြီးချိန်ကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ဖို့နဲ့ ကန့်သတ်ဖို့၊ အင်တာနက် ဝန်ဆောင်မှုပေးသူတွေကို ထပ်ခါတလဲလဲ အတင်းအကျပ် စေခိုင်းလျက် ရှိနေတယ်လို့ ဆိုပါတယ်။
Telenor ကတော့ သူတို့ရဲ့ဝက်ဘ်ဆိုက်ကနေ အဲ့ဒီလို အမိန့်ပေးဖြတ်တောက်စေခဲ့တဲ့ အကြောင်းအရင်း စာရင်းတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ပြန်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာတော့ မြန်မာနိုင်ငံက အာဏာပိုင်တွေဆီကနေ ရရှိထားတဲ့ လမ်းညွှန်ချက်တွေကို Telenor အနေနဲ့ ထုတ်ပြန်ပေးဖို့ လက်ရှိမှာ မဖြစ်နိုင်တော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ပြီးတော့ ဝက်ဘ်ဆိုက်ပေါ်မှာရှိနေတဲ့ စာရင်းကိုလည်း အသစ်ထပ်တိုး ဖြည့်စွက်မှာ မဟုတ်တော့တဲ့အတွက်လည်း အထူးစိတ်မကောင်းဖြစ်ရတယ်လို့ ဆိုထားပါတယ်။
ကုမ္ပဏီပြောခွင့်ရသူ Hanne Langeland Knudsen က “ဒီအခြေအနေနဲ့ ပတ်သက်လို့ ကျမတို့ရဲ့ ခြုံငုံဆုံးဖြတ်မှုအရကတော့ ကျမတို့ဟာ အဲ့ဒီညွှန်ကြားချက်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ်လုပ် ဆောင်နိုင်တာမျိုး မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ အခြေအနေဟာ ရှုပ်ထွေးပြီး မရှင်းမလင်း ဖြစ်နေပါတယ်။ ပြီးတော့ အစကတည်းက ကျမတို့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးဟာ ထိပ်တန်း ဦးစားပေး ဖြစ်ပါတယ်” လို့ AFP သတင်းဌာနကို ပြောဆိုထားပါတယ်။
လောလောဆယ် မြန်မာ စစ်အစိုးရက ဆိုက်ဘာလုံခြုံရေး ဥပဒေတခုကို ပြဌာန်းဖို့ ပြင်ဆင်နေပေမယ့် အဲ့ဒီ ဥပဒေမူကြမ်းကို ကန့်ကွက်ကြောင်း နော်ဝေ အစိုးရ ထိန်းချုပ်ထားတဲ့ Telenor ကုမ္ပဏီက ပြောဆိုထားပါတယ်။
ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Sigve Brekke က ဒစ်ဂျစ်တယ် အချက်အလက်တွေအပေါ် မြန်မာအာဏာပိုင်တွေက ထိန်းချုပ်ခွင့် ရသွားစေနိုင်တာ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ထည့်သွင်းထားခြင်း မရှိတာတွေကြောင့် အဲဒီ ဥပဒေမူကြမ်းကို ရေးထားတဲ့အတိုင်း ပြဌာန်းဖို့ မသင့်ဘူးလို့ Financial Times သတင်းစာကို ပြောဆိုထားပါတယ်။
Brekke က “စစ်အာဏာပိုင်တွေဟာ စည်းမျဉ်းနဲ့ စည်းကမ်းပုံစံ အသစ်တွေကို ပြဌာန်းဖို့ လုပ်နေပါတယ်။ အခုတော့ ကျနော်တို့ဟာ ဖြစ်ပျက်သမျှ အရာခပ်သိမ်းကို မဖွင့်ချနိုင်တော့ပါဘူး။ အဲ့ဒါဟာ ကျနော်တို့အတွက် ကြီးမားတဲ့ စိုးရိမ်မှုတခု ဖြစ်ပါတယ်” လို့လည်း ဆိုပါတယ်။
Telenor ကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်ကစလို့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကအထိ မြန်မာနိုင်ငံမှာ ဝန်ထမ်း ၇၄၇ ဦး ရှိပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုတွေမှာ အနှောင့်အယှက် ကြီးကြီးမားမားတွေ ဖြစ်ပေါ်နေပြီး ယူကေအခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ NetBlocks ရဲ့အဆိုအရ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဒုတိယညအဖြစ် လုံးဝ နီးပါး အင်တာနက် ဖြတ်တောက်ခံလိုက်ရတယ်လို့ Twitter ပေါ်မှာ ရေးသားထားပါတယ်။
ကြိမ်ဖန်များစွာ အင်တာနက် ဖြတ်တောက်မှုတွေဟာ မြန်မာနိုင်ငံရဲ့မြို့ကြီးတွေနဲ့ ကျေးရွာတွေက လမ်းတွေပေါ် လူသိန်းနဲ့ချီ ထွက်လာတာကိုတော့ တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။ စစ်ဗိုလ်ချုပ်တွေကတော့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ဖြိုခွင်းမှုတွေကို ပိုမိုလုပ်ဆောင်လာချိန်မှာပဲ အရံတပ်ဖွဲ့တွေကို တပ်ဖြန့်ချထားခဲ့ပါတယ်။
Ref: gadgets, financial times
You may also like these stories:
သမိုင်းထဲက အကြမ်းမဖက် အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများ
မြန်မာလူငယ်တွေ ချပြခဲ့တဲ့ သစ်လွင်ဆန်းပြားတဲ့ ဆန္ဒထုတ်ဖော်ပုံများ
တိုကျိုအိုလံပစ် ပြိုင်ပွဲအတွက် ကနဦး စည်းကမ်းချက်များ ထုတ်ပြန်