ဂေါက်ဖ်ချန်ပီယံ တိုက်ဂါးဝုဒ်ဟာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သူစီးနင်းလာတဲ့ကား လမ်းပေါ်ကနေ တိမ်းစောင်းပြီး တောင်စောင်းပေါ်မှ တလိမ့်ကောက်ကွေး ကျခဲ့တာကြောင့် ပြင်းထန်တဲ့ ခြေထောက်ဒဏ်ရာ ရရှိခဲ့ပြီး၊ လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ ဆေးရုံတခုမှာ တက်ရောက် ဆေးကုသမှုခံယူနေရကြောင်း၊ ကားအပျက်အစီးထဲကနေ သူ့ကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ကယ်ထုတ်ခဲ့ရကြောင်း အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
ရရှိခဲ့တဲ့ ဒဏ်ရာတွေကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ယုံကြည်ရကြောင်း လော့စ်အင်ဂျလိစ် ကောင်တီ ရဲမှူးကြီး Alex Villanueva က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး၊ ကယ်ဆယ်ရေးတာဝန်ရှိသူတွေ ရောက်လာတဲ့အခါမှာ ဝုဒ်ဟာ သတိမလွတ်ဘဲ ဆက်သွယ် ပြောဆိုနိုင်ခဲ့တယ်လို့် ဆိုပါတယ်။
အခင်းဖြစ်ရာနေရာကို အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေ ရောက်လာခဲ့ချိန်မှာ ယာဉ်မောင်းချို့ယွင်းချက် သက်သေ အထောက်အထား တွေ့ရှိခဲ့တာမျိုး မရှိခဲ့ဘဲ စုံစမ်းစစ်ဆေးသူတွေဟာလည်း သွေးနမူနာ ရယူခဲ့ခြင်း မရှိခဲ့ဘူးလို့ ရဲမှူးကြီးက ဆိုပါတယ်။ အဲ့ဒီနောက် ဝုဒ်ကို Harbor-UCLA ဆေးကုသရေး စင်တာဆီ လူနာတင်ယာဉ်နဲ့ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာ့နာမည်အကျော်ကြားဆုံး အားကစားသမားတယောက်ဖြစ်တဲ့ ဝုဒ်ဟာ Rolling Hills Estates ဒေသနားက ဆင်ခြေဖုံး နေရာအနီး ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၂ မိနစ်အချိန်ခန့်က ဖြစ်ခဲ့တဲ့ ကားတိမ်းမှောက်မှုအတွင်း ယာဉ်ပေါ်မှာ သူတဦးတည်း ပါလာခဲ့တာလို့ ရဲဌာနက ဆိုပါတယ်။
အခင်းဖြစ်ရာနေရာကို ပထမဆုံးရောက်လာခဲ့တဲ့ ရဲမှူးကြီးရဲ့ လက်ထောက်က ဝုဒ်ဟာ ထိုင်ခုံခါးပတ် ပတ်ထားခဲ့ပြီး တည်တည်ငြိမ်ငြိမ် ရှိနေခဲ့တယ်လို့လည်း ဆိုပါတယ်။ ဝုဒ်က သူ့နာမည်က တိုက်ဂါးဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက် ဒါဟာ တိုက်ဂါးဝုဒ်ဖြစ်တယ် ဆိုတာကို ချက်ချင်း သိခဲ့တယ်လို့ ရဲမှူးလက်ထောက်က ပြောဆိုပါတယ်။
ဝုဒ်ဟာ ခြေထောက်နှစ်ဖက်လုံးမှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပြီး ကနဦးမှာတော့ ဆိုးရွားတဲ့ အခြေအနေမှာရှိခဲ့ပေမယ့် အခုတော့ တည်ငြိမ်တဲ့အနေအထားကို ရောက်ရှိခဲ့ပြီလို့ လော့စ်အင်ဂျလိစ် ကောင်တီ မီးသတ်ဌာနအကြီးအကဲ Daryl Osby က သတင်းထောက်တွေကို ပြောပါတယ်။ ဝုဒ်ရဲ့ ခြေထောက်တွေမှာ ကျပ်စည်းထားရတယ်လို့လည်း CNN က သတင်းဖော်ပြထားပါတယ်။
အခုလိုမျိုး မတော်တဆမှုကြောင့် သူ့ရဲ့ အားကစား ဆောင်ရွက်မှုတွေအပေါ် ဘယ်လို ရိုက်ခတ်မှုရှိမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျောကုန်းနဲ့ ဒူးဒဏ်ရာတွေကို ခံစားခဲ့ရတဲ့ အသက် ၄၅ နှစ်အရွယ် ဝုဒ်ဟာ သူ့ရဲ့မျိုးဆက်မှာ အကောင်းဆုံး ဂေါက်ဖ်ရိုက် ကစားသမားအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
သူဟာ အမေရိကန်အိုးပင်း၊ ဗြိတိသျှအိုးပင်း၊ ၂၀၀၀ ပြည့်နှစ်မှာ ပီဂျီအေချန်ပီယံရှစ်နဲ့ ၂၀၀၁ ခုနှစ်မှာ မာစတာဆိုတဲ့ အဓိက ဂေါက်ဖ်ချန်ပီယံဆုကြီး ၄ ဆုလုံးကို ရရှိထားတဲ့ တဦးတည်းသော ခေတ်သစ် ပရိုကစားသမားဖြစ်ပြီး “Tiger Slam” လို့ နာမည်ကျော်ကြားမှုအထိ ရရှိခဲ့ပါတယ်။
Ref: Reuters
You may also like these stories:
အင်တာနက် ပြတ်ရသည့် အကြောင်းအရင်းကို Telenor ထုတ်ပြန်တော့မည် မဟုတ်
သမိုင်းထဲက အကြမ်းမဖက် အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများ
မြန်မာလူငယ်တွေ ချပြခဲ့တဲ့ သစ်လွင်ဆန်းပြားတဲ့ ဆန္ဒထုတ်ဖော်ပုံများ