Facebook ကုမ္ပဏီက ကျန်ရှိနေတဲ့ မြန်မာစစ်တပ်နဲ့ စစ်တပ်က ထိန်းချုပ်ထားတဲ့ စာမျက်နှာတွေအားလုံးကို သူတို့ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းနဲ့ Instagram တို့ကနေ ဖယ်ရှားလိုက်ပြီလို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာပဲ ကြေညာခဲ့ပါတယ်။ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ ကြော်ငြာတွေကိုလည်း ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။
အခုလိုမျိုး ဆုံးဖြတ်ချက်ဟာ စစ်တပ်က မြန်မာနိုင်ငံက ရွေးကောက်ခံ ခေါင်းဆောင်တွေကို ဖယ်ရှားပြီး တခြားသူတွေကို ထောင်ချခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဆန္ဒပြမှုတွေကို စီစဉ်တာနဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး မှတ်ချက်တွေကို မျှဝေဖို့ အသုံးပြုလာကြတာကြောင့် အာဏာသိမ်းခဲ့ပြီး ရက်အနည်းငယ်ကြာအထိ Facebook အသုံးပြုမှုကို ယာယီ ဖြတ်တောက်ထားခဲ့ပါတယ်။ အခုတော့ မြန်မာနိုင်ငံက Facebook ရဲ့ ပါဝင်မှု အခန်းကဏ္ဍနဲ့ စစ်တပ်ရဲ့ စာမျက်နှာတွေကို ပိတ်ပင်လာတာဟာ ဘယ်လို အဓိပ္ပါယ်ဆောင်သလဲဆိုတာကို ကြည့်ကြရအောင်။
မြန်မာနိုင်ငံက Facebook ရဲ့ အခန်းကဏ္ဍ
ဆယ်စုနှစ်နဲ့ ချီပြီး မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆက်သွယ် ချိတ်ဆက်မှု အနည်းဆုံးနိုင်ငံတွေထဲက တခုဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ နိုင်ငံ့လူဦးရေရဲ့ ၅ ရာခိုင်နှုန်းလောက်သာ အင်တာနက် အသုံးပြုနိုင်ခဲ့တယ်လို့ နိုင်ငံတကာ ဆက်သွယ်ရေးသမဂ္ဂက ပြောဆိုထားပါတယ်။
၂၀၁၃ ခုနှစ်မှာ အရပ်သားတပိုင်း အစိုးရ တက်လာခဲ့ပြီးတဲ့နောက် ဆက်သွယ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာခဲ့ပြီး ဖုန်းဆင်းမ်ကတ်တွေရဲ့ ဈေးနှုန်းလည်း ထိုးကျလာခဲ့ရာက အသုံးပြုသူတွေရဲ့ ဈေးကွက်အသစ်တခု ပွင့်လာခဲ့ပါတယ်။ Facebook ဟာ အဲ့ဒီအပြောင်းအလဲပေါ်မှာ လျင်လျင်မြန်မြန် လက်ဦးမှုရယူနိုင်ခဲ့ပြီး မကြာမီမှာပဲ အစိုးရအဖွဲ့တွေကနေ ဈေးဆိုင်ပိုင်ရှင်တွေအထိ ဆက်သွယ် ဆောင်ရွက်ဖို့ Facebook ကို အသုံးပြုလာခဲ့ကြပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူ အရေအတွက်ဟာ နိုင်ငံ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကျော်အထိ ရှိတယ်လို့ လူမှုကွန်ရက် စီမံခန့်ခွဲရေး ပလက်ဖောင်း NapoleonCat က ဆိုပါတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ လူတော်တော်များများအတွက်တော့ Facebook ဟာ အင်တာနက်လို ဖြစ်ခဲ့ရပါတယ်။
Fortify Rights အဖွဲ့မှ မြန်မာ့လူ့အခွင့်အရေး အထူးကျွမ်းကျင်သူ ကိုနစ်ကီဒိုင်းမွန်းက “မြန်နိုင်ငံမှာ Facebook ရဲ့ အခန်းကဏ္ဍက တော်တော်လေးကို အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ Facebook ဟာ လူတွေအတွက်တော့ အရေးကြီးဆုံး ဆက်သွယ်ရေးဆိုင်ရာ ပလက်ဖောင်းတခု ဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ Facebook ရင်ဆိုင်နေရတဲ့ ပြဿနာတွေ
အဲ့ဒီ ကမ္ဘာ့လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းက နိုင်ငံတွင်းမှာရှိတဲ့ အမုန်းစကားတွေကို ဖယ်ရှား ပိတ်ပင်နိုင်ဖို့ မလုပ်ခဲ့ဘူးလို့ စွပ်စွဲချက်တွေကို ရင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် အကြီးအကဲ Marzuki Darusman က “Facebook ဟာ အမျက်ဒေါသနဲ့ ငြင်းခုံမှု၊ သဘောထားကွဲလွဲမှုနဲ့ ပဋိပက္ခတွေကို ဖြန့်ဖြူးပေးခဲ့တယ်” လို့ ပြောဆိုထားပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဖိအားအောက်မှာ Facebook ဟာ ဆိုးရွားပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်း ၂၀ ခန့်ကို ၂၀၁၈ ခုနှစ်မှာ ပိတ်ပင်ခဲ့ပါတယ်။
Facebook က စစ်တပ်နဲ့ ဆက်နွယ်တဲ့ စာမျက်နှာတွေကို ပိတ်လိုက်ရတဲ့ အကြောင်းအရင်း
စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် Facebook က အမုန်းစကား အပါအဝင် Community Standards တွေကို ချိုးဖောက်တဲ့ သတင်းအချက်အလက်တွေကို ဖယ်ရှားမှုအပါအဝင် တပ်မတော်လို့ခေါ်ကြတဲ့ မြန်မာစစ်တပ်ရဲ့ သတင်းအချက်အလက် ထုတ်ပြန်မှုတွေအားလုံး ဖြန့်ချိနေမှုကို သူတို့ရဲ့ Site ပေါ်ကနေ လျှော့ချမယ်လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာတော့ ကျန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေအားလုံးကို Facebook နဲ့ Instagram ကနေ ပိတ်ပင်သွားမှာဖြစ်ပြီး စစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းရဲ့ ကြော်ငြာတွေလည်း အဲ့ဒီအထဲမှာ ပါဝင်လာခဲ့ပါတယ်။
ထုတ်ပြန်ချက်တခုထဲမှာ ကုမ္ပဏီက “လူသေဆုံးမှုရှိခဲ့တဲ့ အကြမ်းဖက်မှုတွေ အပါအဝင် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းအပြီး ဖြစ်ရပ်တွေကြောင့် ဒီလိုပိတ်ပင်ဖို့ လုပ်ဆောင်ဖို့ လိုအပ်ခဲ့တာ ဖြစ်တယ်။ Facebook နဲ့ Instagram ပေါ်မှာ တပ်မတော်ကိုအသုံးပြုခွင့်ပေးထားတာဟာ အရမ်းအန္တရာယ်များလွန်းတယ်”လို့ ပြောဆိုထားပါတယ်။
အဲ့ဒီ ပိတ်ပင်မှုထဲမှာ လေတပ်၊ ရေတပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေ ပါဝင်တယ်လို့ Facebook မူဝါဒ ဆက်သွယ်ရေးမန်နေဂျာ Amy Sawitta Lefevre က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ အပါအဝင် အများပြည်သူတွေကို ဝန်ဆောင်မှုပေးနေတဲ့ စာမျက်နှာတွေကို ချန်လှပ်ထားခဲ့တယ်လို့ Facebook က ဆိုပါတယ်။
ဘယ်လို ရိုက်ခတ်မှုတွေရှိမှာလဲ
အခုလို ဆုံးဖြတ်ချက်ဟာ အကြီးမားဆုံးဆက်သွယ်ရေး ပလက်ဖောင်းပေါ်က စစ်တပ်ကို တော်တော်လေး ရိုက်ခတ်မှု ရှိစေမှာ ဖြစ်ပါတယ်။
ဘားမားကမ်ပိန်း ယူကေအဖွဲ့မှာ ညွှန်ကြားရေးမှူး Mark Farmaner က “Facebook ရဲ့ အချိန်လွန်မှ ချမှတ်တဲ့ခြေလှမ်းကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ Facebook က တော်တော်လေးကို နာမည်ကျော်ကြားတဲ့ တိုင်းပြည်တခုမှာ စစ်တပ်အတွက်တော့ စိတ်ပညာပိုင်းဆိုင်ရာ ထိုးနှက်ချက်တခု ဖြစ်ပါတယ်။ စစ်သားတွေကို စုဆောင်းပြီး ရန်ပုံငွေကို ရှာဖွေဖို့အတွက် ဝါဒဖြန့်ချိဖို့ ရည်ရွယ်ချက်တွေအတွက် Facebook ကို အသုံးပြုဖို့ သူတို့တွေဟာ အရင်းအမြစ် တော်တော်များများကို အသုံးပြုကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Facebook ကတော့ စစ်တပ်အနေနဲ့ သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ တည်ရှိမှုကို ပြန်လည်ရရှိဖို့ ကြိုးပမ်းဦးမယ်လို့ ခန့်မှန်းထားကြောင်း ပြောဆိုထားပါတယ်။ Lefevre က “ဒီလိုမျိုး ကိစ္စတွေမှာ ကျမတို့ဟာ ဖြစ်နိုင်ရင် တိတိကျကျ အလုပ်လုပ်ချင်ပါတယ်။ ဒါပေမဲ့ ကျမတို့ တချို့အရာတွေကို လွဲကောင်း လွဲသွားနိုင်တယ်ဆိုတာကို သိပါတယ်။ ကျမတို့ရဲ့ ဥပဒေစိုးမိုးမှုကို ဆက်လက် အဆင့်မြှင့်သွားမှာပါ” လို့ပြောကြားထားပါတယ်။
စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေဆီကနေ ကြော်ငြာ ဆုံးရှုံးမှု ဘယ်လိုရှိနိုင်မလဲလို့ ပြောဆိုဖို့ကိုတော့ Facebook က ငြင်းဆိုထားပါတယ်။
Ref: AP
You may also like these stories:
တပ်မတော်နှင့် ဆက်စပ်သည့် အကောင့်၊ စာမျက်နှာ အားလုံးနီးပါး Facebook ဖယ်ရှား
ကားတိမ်းမှောက်မှုကြောင့် တိုက်ဂါးဝုဒ် ပြင်းထန်တဲ့ ခြေထောက်ဒဏ်ရာရ
အင်တာနက် ပြတ်ရသည့် အကြောင်းအရင်းကို Telenor ထုတ်ပြန်တော့မည် မဟုတ်