Trend

မြန်မာဘောလုံး ပရိသတ်တွေအတွက် အားပေးစကား ပြောလိုက်တဲ့ မော်ရင်ဟို

ပရီးမီးယားလိဂ် ကလပ်အသင်း တသင်းဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါးအသင်း နည်းပြ ဂျိုဆေးမော်ရင်ဟိုက မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ခွန်အားပေးတဲ့ သတင်းစကားတခုကို ပါးခဲ့တယ်လို့ သိရပါတယ်။ မြန်မာ့ တော့တင်ဟမ်ဟော့ စပါးအသင်း Fan Club ထံ မတ်လ ၁ ရက်နေ့က ပေးပို့တဲ့ အီးမေးလ်ထဲမှာ မော်ရင်ဟိုက မြန်မာပြည်သူတွေအနေနဲ့ ဘေးကင်းကြစေဖို့ ဆုတောင်းပေးခဲ့ပါတယ်။

မော်ရင်ဟိုက “ဟိုင်း မြန်မာနိုင်ငံမှ ဘောလုံး ပရိသတ်တို့၊ ပထမဆုံး ခင်ဗျားတို့ရဲ့ နိုင်ငံမှာ ဘေးကင်းကြပါစေလို့ ကျနော် ဆန္ဒပြုချင်ပါတယ်။ အရင်တုန်းကလည်း အင်တာဗျူးတခုမှာ မြန်မာနိုင်ငံအကြောင်း ကျနော် ထည့်ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် ကျနော် ခင်ဗျားတို့ နိုင်ငံအကြောင်း ကောင်းကောင်းသိတယ်ဆိုတာ သဘောပေါက်နိုင်မှာပါ။ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို ကမ္ဘာတဝန်းက လူတိုင်း အထူးသဖြင့် ကျနော့် ကစားသမားတွေတောင် သတိထားမိကြတယ်ဆိုတာ မြန်မာပြည်သူတွေကို သိစေချင်ပါတယ်” လို့ စာထဲမှာ ရေးသားထားပါတယ်။

ဆက်ပြီး သူက “မြန်မာပြည်သူတွေ ဘေးကင်းကြပြီး ကျန်းမာကြပါစေဖို့ ဆုတောင်းပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘာတွေ ဖြစ်နေတယ်ဆိုတော့ ကျနော် မပြောလိုပါဘူး။ ဒါပေမဲ့ မှတ်ထားပေးပါ။ ပေါ်တိုအသင်းနဲ့ ကျနော် ချန်ပီလိဂ်မှာ အနိုင်ရခဲ့သေးတယ်ဆိုရင် ခင်ဗျားတို့လည်း အနိုင်ရမှာပါ” လို့ ဖော်ပြထားပါတယ်။

မော်ရင်ဟိုဟာ မန်ယူအသင်းနည်းပြအဖြစ် တာဝန် ထမ်းဆောင်စဉ်အခါကလည်း မြန်မာနိုင်ငံက ဘောလုံး ပရိသတ်တွေထံ စာရေးသားခဲ့ဖူးပါသေးတယ်။ အဲ့ဒီတုန်းက Official Manchester United Supporters’ Club ထံ တရားဝင် စာရေးသားပေးပို့ပြီး ထောက်ခံ အားပေးခဲ့တာ ဖြစ်ပါတယ်။

စပါးတောင်ပံ ကစားသမား ဂါရတ်ဘေးကလည်း မြန်မာ ပရိသတ်တွေအတွက် အားပေးစကား ပြောဆိုခဲ့ပါသေးတယ်။ သူက “အခုလိုမျိုး ခက်ခဲတဲ့ အခြေအနေမှာ ဘေးကင်းကြပြီး ကျန်းမာကြပါစေဖို့ ဆုတောင်းပေးပါတယ်၊ ခင်ဗျားတို့ရဲ့ ထူးခြားလွန်းတဲ့ ထောက်ခံအားပေးမှု အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ ပြောဆိုထားပါတယ်။

Ref: Thiha Maung Maung

You may also like these stories:

မြန်မာလူထုနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ Milk Tea Alliance အဖွဲ့ဝင်နိုင်ငံများ

တပ်မတော်ရဲ့ စာမျက်နှာတွေကို Facebook ပိတ်ပင်လိုက်တာ ဘာကြောင့်လဲ

တပ်မတော်နှင့် ဆက်စပ်သည့် အကောင့်၊ စာမျက်နှာ အားလုံးနီးပါး Facebook ဖယ်ရှား

Loading