မြန်မာနိုင်ငံမှာ မတ်လ ၃ ရက်နေ့၊ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲရင်း ကြေလွှင့်သွားခဲ့ရသူတွေထဲက အသက် ၁၉ နှစ်အရွယ် မိန်းကလေး ဝတ်ဆင်ထားတဲ့ တီရှပ်မှာ “Everything will be OK” စာတန်း ရေးထားတာ ဖြစ်ပါတယ်။ Dancer အပြင် တိုက်ကွမ်ဒို ချန်ပီယံဖြစ်ခဲ့တဲ့ သူမဟာ မန္တလေးမြို့က ဆန္ဒပြပွဲ အကြမ်းဖက် နှိမ်နင်းမှုအတွင်း သေနတ် ဒဏ်ရာနဲ့ သေဆုံးသွားသူတွေထဲက တဦးပါ။
အိန်ဂျယ် (သို့) ကြယ်စင်လို့ ခေါ်ကြတဲ့ သူမဟာ မနှစ်က ၂၀၂၀ ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးခဲ့ပြီး၊ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဉ်အပြီးမှာ လမ်းမပေါ်ထွက် ဒီမိုကရေစီရေးအတွက် ဆန္ဒထုတ် ဖော်နေတဲ့ လူငယ်တွေထဲက တဦးလည်း ဖြစ်ပါတယ်။ မန္တလေးလမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်ရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ရတာပါ။
မသေခင်ကတည်း သေဆုံးသွားခဲ့သည်ရှိသော် သွေးအမျိုးအစား၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တွေ၊ သူမခန္ဓာကိုယ် လှူဒါန်းမယ့် အကြောင်းတွေပါ ဆိုရှယ်မီဒီယာပေါ်မှာ မကြာသေးခင် ရက်ပိုင်းအတွင်းက တင်ထားခဲ့ပါသေးတယ်။
ဆန္ဒပြပွဲအတွင်း သူမ ပုံရိပ်တွေနဲ့ တီရှပ်ပေါ်က စာသားကြောင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ လူတွေ အာရုံစိုက်ခံခဲ့ရပြီး၊ နိုင်ငံတကာ မီဒီယာတွေနဲ့ အနုပညာအသိုင်းအဝိုင်းကပါ ဓာတ်ပုံတွေနဲ့ တင်ခဲ့ကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ကြယ်စင် သေဆုံးမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ ပေးထားခြင်း မရှိသေးပါဘူး။ သူမနဲ့အတူ ဆန္ဒပြပွဲမှာ အတူရှိနေခဲ့တဲ့ ကိုမြတ်သူကတော့ ကြယ်စင်ဟာ ရဲရင့်တဲ့ မိန်းကလေးတဦးဖြစ်ပြီး၊ မျက်ရည်ယိုဗုံးငွေ့ ထိသူတွေကို အားကြိုးမာန်တက် ကူညီပေးနေတာလို့ ပြောပြခဲ့ပါတယ်။
“ရဲတွေ စပစ်တော့ သူကတော့ ကျနော်ကို “ထိုင်နေ ထိုင်နေ” လို့ လှမ်းအော်ပြောနေတာပါ။ သေနတ်မှန်သွားလိမ့်မယ်လို့တောင် သတိပေးခဲ့ပါတယ်။ တကယ့်ကို အများကြားမှာ ထင်ရှားနေသူလေးပါ” လို့ ကြယ်စင်အတွက် အမှတ်တရ ပြောပြခဲ့ပါတယ်။
ကြယ်စင်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော် မန္တလေးက လမ်းတွေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ စစ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူငယ်တွေထဲက တဦးသာဖြစ်တယ်လို့ ကိုမြတ်သူက ဆိုပါတယ်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ မဲပေးခဲ့ပြီးနောက် “ပထမဆုံး မဲတပြားကို ပေးနိုင်ခဲ့ပြီ၊ တိုင်းပြည်အတွက် တာဝန်ကျေနိုင်ခဲ့ပြီ” ဆိုတဲ့ စာနဲ့အတူ လက်သန်းကို နမ်းနေတဲ့ပုံလေး တင်ထားခဲ့ပါတယ်။ သူမသေဆုံးသွားခဲ့တဲ့အတွက် သူငယ်ချင်းတွေက ဝမ်းနည်းကြောင်း စာတွေ ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်မှာ ပေးပို့ခဲ့သလို၊ နာရေးအခမ်းအနားကိုလည်း လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။
“သူမက တကယ့်ကို ပျော်ပျော်နေတတ်သူလေးပါ။ မိသားစုကို ချစ်သလို၊ သူ့အဖေကလည်း အရမ်းကို ချစ်တာပါ။ ကျနော်တို့တွေက စစ်ဖြစ်နေတာ မဟုတ်ပါဘူး။ လက်နက်မဲ့ ပြည်သူတွေအပေါ် ကျည်အစစ် မသုံးသင့်ပါဘူး။ သူတို့သာ တကယ်လူစိတ် ရှိမယ်ဆိုရင် ဒီလိုလုပ်မှာ မဟုတ်ဘူး” လို့ ကိုမြတ်သူက ဆိုပါတယ်။
Reuters သတင်းဌာနတွင် ဖော်ပြထားသော (‘Everything will be OK’: slain Myanmar teen’s T-shirt slogan spurs defiance) သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။
You may also like these stories:
နိုင်ငံ့အရေးမှာ နှုတ်ဆိတ်နေကြတဲ့ အလှမယ်များကို အလှမယ်လောက ရှုတ်ချ
ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မင်းမော်ကွန်း တောင်းဆို
“ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်မယ်၊ ပစ်ခတ်တာတွေ မလုပ်စေချင်ဘူး”