အင်္ဂလိပ်ဘာသာနဲ့ နတ်သမီးလေး “Angel” လို့ နာမည်ပေးထားတဲ့ မကြယ်စင်ဟာ တိုက်ကွမ်ဒို အားကစား၊ ခပ်စပ်စပ် အစားအစာတွေနဲ့ အနီရောင် နှုတ်ခမ်းနီကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် မန္တလေးမြို့က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြမယ့် လူအုပ်ကြီးနဲ့ မပူးပေါင်းမီ သူဟာ ဖခင်ကို ဖက်ပြီး နှုတ်ဆက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ နေ့လယ်လောက်မှာပဲ အသက် ၁၈ နှစ်အရွယ် မကြယ်စင်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း လူသေဆုံးမှု အနည်းဆုံး အယောက် ၃၀ ရှိခဲ့တဲ့အထိ ရှိစေခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံတဝန်းက ရာနဲ့ချီတဲ့ မြို့တွေမှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ မကြယ်စင်ရဲ့ သူငယ်ချင်း မချိုနွယ်ဦးက “သူဟာ ကျမတို့ တိုင်းပြည်ရဲ့ သူရဲကောင်းတယောက် ဖြစ်ပါတယ်။ ဒီလိုမျိုး တော်လှန်ရေးမှာ ပါဝင်ခြင်းအားဖြင့် ငယ်ရွယ်တဲ့ ကျမတို့ရဲ့ အမျိုးသမီး မျိုးဆက်ဟာ အမျိုးသားတွေထက် သွေးမနည်းဘူးဆိုတာ ပြသနိုင်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
အခုလိုမျိုး အန္တရာယ်တွေ ရှိနေပေမယ့် မြန်မာအမျိုးသမီးထုကြီးဟာ ဆန္ဒပြတိုက်ပွဲတွေရဲ့ ရှေ့တန်းမှာ ရပ်တည်ခဲ့ကြပြီး၊ အမျိုးသမီး အရပ်သား ခေါင်းဆောင်ကို ဖြုတ်ချကာ ရာစုနှစ်ဝက်ကြာ အမျိုးသမီးတွေကို ဖိနှိပ်ထားခဲ့တဲ့ အမိန့်တွေ အသက်သွင်းခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးတွေကို အင်အားပြင်းပြင်းနဲ့ တုံ့ပြန်နေကြပါတယ်။
နေ့စဉ် ပြုလုပ်နေတဲ့ ဆန္ဒပြပွဲတွေမှာ ကျောင်းဆရာ၊ ဆရာမတွေ၊ အထည်ချုပ် လုပ်သားတွေနဲ့ ဆေးကုသရေးဝန်ထမ်း သမဂ္ဂတွေကို ကိုယ်စားပြုတဲ့ ရာကနေ ထောင်အထိချီတဲ့ အမျိုးသမီးထုကြီးဟာ စုဝေးခဲ့ကြပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ရှေ့တန်း စစ်မျက်နှာမှာဆိုရင် အသက် အရမ်း ငယ်ရွယ်နုပျိုတဲ့ အမျိုးသမီးတွေ ရှိနေပါပြီ။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့တုန်းကတော့ အမျိုးသမီးငယ်နှစ်ဦးဟာ ခေါင်းကို အပစ်ခံခဲ့ရပြီး နောက်တဦးကတော့ နှလုံးအနီးကို အပစ်ခံခဲ့ရပါတယ်။ အခု သီတင်းပတ်အစောပိုင်းမှာပဲ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ကျည်အစစ် အသုံးမပြုဖို့ နဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ခန္ဓာကိုယ်အောက်ပိုင်းကိုသာ ပစ်ခတ်ဖို့ ညွှန်ကြားထားတဲ့အကြောင်း စစ်တပ်ရဲ့ ရုပ်သံလိုင်းတွေက ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံ ကုန်သွယ်ရေးသမဂ္ဂအဖွဲ့မှ လက်ထောက်အတွင်းရေးမှူး မစန္ဒာက “ဒီတော်လှန်ရေးမှာ ကျမတို့ဟာ သူရဲကောင်းတချို့ကို ဆုံးရှုံးကောင်း ဆုံးရှုံးနိုင်ပါတယ်။ ကျမတို့ အမျိုးသမီးတွေရဲ့ သွေးကလည်း နီရဲပါတယ်” လို့ ဆိုပါတယ်။
မတ်လ ၃ ရက် အကြမ်းဖက်မှုတွေကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၅၄ ဦးအထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်းက စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် အသက် ၂၀ အရွယ် အမျိုးသမီးတဦး ဦးခေါင်းကို သေနတ်အပစ်ခံခဲံရပြီး ပထမဆုံး သေဆုံးမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဆန္ဒပြပွဲတွေ စတင်ခဲ့ချိန်ကစလို့ သီတင်းပတ် တော်တော်များများမှာ အမျိုးသမီး ဆေးကုသရေး စေတနာ့ဝန်ထမ်း အဖွဲ့တွေဟာ လမ်းမတွေပေါ်မှာ စီတန်း လှည့်လည်ခဲ့ကြပြီး ဒဏ်ရာ ရရှိဖို့နဲ့ သေတွင်း နှုတ်ခမ်းဝအပေါ် လမ်းလျှောက်ခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာလည်း အစိုးရရဲ့ လုပ်ငန်းတွေ ရပ်တန့်သွားစေမယ့် ပြည်သူ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာလည်း ပင်မ ဒေါက်တိုင်အဖြစ် ပါဝင်ထားကြပါတယ်။
အာဏာဖီဆန်ရေး ဖန်တီးမှု တခုမှာဆိုရင် ပြည်သူတွေဟာ ဆန္ဒပြ နေရာတွေကို ကာကွယ်ဖို့ အမျိုးသမီးတွေ ဝတ်တဲ့ ထဘီတွေကို ကြိုးတန်း ထားခဲ့ကြပါတယ်။ အကြောင်းကတော့ အမျိုးသားတချို့ဟာ ထဘီတန်းအောက် ဖြတ်မလျှောက်ချင်ကြတဲ့အတွက်လို့ ဆိုပါတယ်။ တချို့ကတော့ အာဏာသိမ်းမှုကို အဓိက လုပ်ဆောင်ခဲ့တဲ့ စစ်တပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံတွေကို ထဘီတွေပေါ် တင်ထားခဲ့ကြပါတယ်။
မြန်မာစစ်တပ်ဖြစ်တဲ့ တပ်မတော်ရဲ့ ရာထူးအကြီးပိုင်းတွေမှာ အမျိုးသမီးဆိုလို့ တဦးတလေမျှ မတွေ့ရတဲ့အပြင် ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ တိုင်းရင်းသား လူနည်းစုတွေထဲက အမျိုးသမီးတွေအပေါ် အုပ်စုဖွဲ့ မုဒိမ်းကျင့်တာတွေကို စနစ်တကျ ကျူးလွန်ခဲ့ကြတယ်လို့ သိရှိထားရပါတယ်။ ဗိုလ်ချုပ်ကြီးတွေရဲ့ အမြင်မှာ အမျိုးသမီးတွေဟာ အားနည်းပြီး မသန့်စင်ဘူးလို့ ယူဆခံထားရပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်ငန်း လုပ်ကိုင်လာကြတဲ့ အမျိုးသမီး အရေအတွက်ကလည်း တိုးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ခံ ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။
NLD ပါတီဟာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး စစ်တပ်နဲ့ အဆက်အသွယ် ရှိတဲ့အပြင် အမျိုးသားတွေကသာ ကြီးစိုးတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော်ကတော့ အဲ့ဒီ ရလဒ်တွေဟာ အလိမ်အညာတွေ ဖြစ်တယ်ဆိုပြီး ပယ်ချထားပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ်၊ နိုင်ငံရေးသမား မအိသဉ္ဇာမောင်က “ကျမတို့ အမျိုးသမီးတွေက အာဏာရှင် တိုက်ဖျက်ရေးဟာ ကျမတို့ရဲ့ အရေးကိစ္စ ဖြစ်တယ်လို့ ယုံကြည်တာကြောင့် ရှေ့တန်းနေရာမှာ ရယူထားပါတယ်” လို့ ဆိုပါတယ်။ မအိသဉ္ဇာမောင်နဲ့ သူနဲ့ လုပ်ဖော်ကိုင်ဖက် အက်စတာဇေနောတို့ကတော့ နေ့နေ့ညည ဆန္ဒပြမှုတွေကို လုပ်ဆောင်နေပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း ၁၅၀၀ ခန့် အဖမ်းခံခဲ့ရပြီးဖြစ်တယ်လို့ ဒေသတွင်း စောင့်ကြည့်ရေး အဖွဲ့တခုက ဆိုပါတယ်။
တိုင်းရင်းသူတဦးဖြစ်သူ အက်စတာဇေနောက “စစ်တပ်အုပ်ချုပ်ရေးကို ဖျက်သိမ်းဖို့ အလုပ်လုပ်မယ်လို့ ကျမက သံန္နိဋ္ဌာန် ချထားပါတယ်။ ခွဲခြားဆက်ဆံမှုက ဘယ်နေရာတွေအထိ ဦးတည်တယ်ဆိုတာ လူနည်းစုတွေကတော့ သိပါတယ်။ အမျိုးသမီးတဦးအနေနဲ့ ကျမတို့ဟာ ဒုတိယအဆင့်နိမ့်တဲ့ လိင်အမျိုးအစားအဖြတ် သတ်မှတ်ခံထားရဆဲ ဖြစ်ပါတယ်။ အဲ့ဒါဟာ အခွင့်အရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ အမျိုးသမီးတတ်ကြွလှုပ်ရှားသူ တွေ ပိုမို ပါဝင်လာကြတဲ့ အကြောင်းပြချက်တခု ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
မန္တလေးမှာ ကျဆုံးခဲ့တဲ့ မကြယ်စင်ရဲ့ နောက်ဆုံး ဓာတ်ပုံတချို့ကို ရိုက်ကူးခဲ့တဲ့ ကိုလူမော်ကတော့ “သူဟာ ကျနော့်ဘဝမှာ မြင်တွေ့ဖူးတဲ့ မိန်းကလေးတွေထဲမှာ သတ္တိအရှိဆုံး မိန်းကလေး ဖြစ်ပါတယ်” လို့ဆိုပါတယ်။
မကြယ်စင်ရဲ့ သူငယ်ချင်း မချိုနွယ်ဦးက “နင်က ကြယ်လေးတလုံးကို မြင်ရင် အဲ့ဒါ ငါပဲလို့ မှတ်ထားပါလို့ သူပြောထားတယ်။ ကျမကတော့ သူ့ကို အမြဲတမ်း ဂုဏ်ယူစွာနဲ့ သတိရနေမှာပါ” လို့ပြောကြားခဲ့ပါတယ်။
Ref: nytimes
You may also like these stories:
မန္တလေးမှာ ဆန္ဒထုတ်ဖော်ရင်း ကြွေလွှင့်သွားခဲ့ရတဲ့ အိန်ဂျယ် (ခေါ်) ကြယ်စင်
ဆန္ဒပြပွဲအတွင်း သေဆုံးသူများကို စာရင်းပြုစုထားတဲ့ “Heroes of Myanmar” ဝက်ဘ်ဆိုက်
မြန်မာဘောလုံး ပရိသတ်တွေအတွက် အားပေးစကား ပြောလိုက်တဲ့ မော်ရင်ဟို