ကနေဒါ လက်ဝှေ့ဖိုက်တာ တယောက်ဖြစ်တဲ့ Dave Leduc က မြန်မာစစ်တပ်အနေနဲ့ ဆန္ဒပြသူတွေကို သတ်ဖြတ်နေတာနဲ့ ထောင်ချနေတာကို ရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ပြီး၊ သူ့အနေနဲ့ မြန်မာပြည်သူတွေအတွက် ဆန်၊ ရေ၊ အစားအစာနဲ့ ငွေကြေး ထောက်ပံ့ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့တုန်းက သူ့ရဲ့ Facebook အကောင့်ကနေ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တဲ့အကြောင်း ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
Dave က သူ့ရဲ့ဆိုရှယ်မီဒီယာ အကောင့်မှာ “မြန်မာစစ်တပ်က ဆန္ဒပြသူတွေကို သတ်ဖြတ်နေတာနဲ့ ထောင်ချနေတာကို ရပ်တန့်ရပါမယ်။ မြန်မာနိုင်ငံက ဒုက္ခခံစားနေကြရသူတွေကို ကျေးဇူးပြုပြီး ကူညီပေးကြပါ” လို့ အစချီပြီး ပို့စ်ကို ရေးသားထားပါတယ်။
သူ့ရဲ့အဖွဲ့ကလည်း ထောက်ပံ့မှုကို အခုချက်ချင်း လိုအပ်နေတဲ့သူတွေထံ ဆန်၊ ရေ၊ အစားအစာနဲ့ ငွေကြေးတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး၊ ပြည်သူတွေ ဆက်လက် ရှင်သန်ဖို့ လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။
ကြက်ခြေထောက်လို့ လူသိများတဲ့ လက်ဝှေ့ ရွှေခါးပတ်ချန်ပီယံ Dave က “နိုင်ငံတဝန်းလုံးမှာ ငြိမ်းချမ်းတဲ့ ဆန္ဒပြသူတွေကို ကျည်အစစ်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ပြီး အများအပြား သေဆုံး၊ ဒဏ်ရာ ရရှိစေတာတွေဟာ တော်တော်လေးကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဒဏ်ရာရရှိသူတွေကို ကုသမှုတွေပေးဖို့ ကြိုးစားနေတဲ့ အရေးပေါ် ဆေးကုသရေးဝန်တွေနဲ့ လူနာတင်ယာဉ်တွေကို တိုက်ခိုက်တွေက ကျနော့်ကို ဒေါသထွက်စေပါတယ်” လို့လည်း ဆိုပါတယ်။
ဆက်ပြီး သူက “မြန်မာနိုင်ငံမှာ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အမေရိကန်၊ ကနေဒါနဲ့ ကုလသမဂ္ဂတို့အနေနဲ့ လူသေအလောင်း ဘယ်လောက်လောက် လိုအပ်နေလဲ။ သြော် အကူအညီရဖို့ အမေရိကန်အတွက် အဲ့ဒီတိုင်းပြည်မှာ ရေနံရှိဖို့ လိုတယ် ဆိုတာကို ငါမေ့သွားတယ်။ ငါတို့ကို ဘယ်သူမှ လာမကူညီရင် ငါ့တို့ဘာသာပဲ ကူညီကြပါမယ်”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ထောက်ပံ့ ကူညီမှုတွေပေးဖို့ လက်ရှိမှာ သူဟာ ငွေကြေးကောက်ခံနေပြီး၊ https://gofund.me/4e2c4ef1 မှာ ဝင်ရောက် လှူဒါန်းပေးနိုင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီပို့စ်မှာ သူက “ကျနော့်ရဲ့ မြန်မာ မိသားစုများခင်ဗျာ၊ အခုဖြစ်နေတာတွေဟာ ဘယ်လိုမှ လူမဆန်ပါဘူး။ ကျနော် ကူညီနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ ပြည်သူတွေကို ဆန်၊ ရေ၊ အစားအစာနဲ့ငွေသားတွေ ထောက်ပံ့ပေးဖို့ ကျနော် လုပ်နေပါတယ်။ ကျေးဇူးပြုပြီး အားတင်းထားပေးပါ။ USA နဲ့ UN က မကယ်ရင် ကျနော်တို့ဘာသာ လုပ်ကြပါစို့”လို့ မြန်မာဘာသာနဲ့လည်း ရေးသားခဲ့ပါတယ်။
Ref: Dave Leduc’s Facebook
You may also like these stories:
ဆန္ဒပြ တိုက်ပွဲတွေမှာ ရှေ့တန်းရောက်နေတဲ့ မြန်မာအမျိုးသမီး ဟီးရိုးများ
မန္တလေးမှာ ဆန္ဒထုတ်ဖော်ရင်း ကြွေလွှင့်သွားခဲ့ရတဲ့ အိန်ဂျယ် (ခေါ်) ကြယ်စင်
ဆန္ဒပြပွဲအတွင်း သေဆုံးသူများကို စာရင်းပြုစုထားတဲ့ “Heroes of Myanmar” ဝက်ဘ်ဆိုက်