Trend

ဖက်ရှင်ကုမ္ပဏီကြီး H&M က မြန်မာနိုင်ငံမှ အော်ဒါအသစ်များ မှာယူမှု ရပ်ဆိုင်း

ဆွီဒင်နိုင်ငံမှ ကမ္ဘာ့ဒုတိယမြောက် အကြီးဆုံး ဖက်ရှင် လက်ကားကုမ္ပဏီကြီး H&M ဟာ မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို သေစေတဲ့အထိ အင်အားသုံး ဖြိုခွင်းမှုကြောင့် ထိတ်လန့် တုန်လှုပ်ခဲ့ရကြောင်းနဲ့ မြန်မာနိုင်ငံကနေ အဝတ်ချုပ်လုပ်မှု အော်ဒါအသစ်များ မှာယူမှု ရပ်ဆိုင်းလိုက်ကြောင်း ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် နေ့စဉ် ပြုလုပ်နေတဲ့ဆန္ဒပြပွဲတွေနဲ့ လှုပ်ရှားမှုတွေကို နှိပ်ကွပ်ဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ လူပေါင်း ၅၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

H&M ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ တိုက်ရိုက်ထောက်ပံ့သူ ၄၅ ဦးခန့် ရှိတယ်လို့ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်နေတာ ၇ နှစ်ခန့် ရှိပြီလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ Country Manager ဖြစ်သူ Serkan Tanka က “မြန်မာနိုင်ငံမှာ ကျနော်တို့ရဲ့ ကာလရှည် တည်ရှိမှုနဲ့ ပတ်သက်လို့ ချက်ချင်း တုံ့ပြန်လုပ်ဆောင်ချက် ချမှတ်တာကို လုပ်ဆောင်တာမျိုး မရှိပေမယ့် ကျနော်တို့ရဲ့ ကုန်ပစ္စည်း ထောက်ပံ့သူတွေဆီကနေ အော်ဒါအသစ် မှာယူမှုတွေကို ရပ်ဆိုင်းလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ အီးမေလ်ကနေ တဆင့် ဖြေကြားထားပါတယ်။

သူက “ထုတ်လုပ်မှုနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ စိန်ခေါ်မှုတွေ၊ ကုန်ကြမ်းတင်သွင်းမှု၊ ပြီးစီးသွားတဲ့ ထုတ်ကုန်တွေ သယ်ယူပို့ဆောင်မှု အပါအဝင် နိုင်ငံတွင်းမှာ လုပ်ငန်းတွေ လုပ်ဖို့ ကျနော်တို့ရဲ့ လုပ်နိုင်စွမ်းရည်ကို အကန့်အသတ်ဖြစ်စေတဲ့ မျှော်လင့်မထားနိုင်တဲ့ အခြေအနေတခုနဲ့ အခက်အခဲတွေကြောင့် ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့တုန်းကလည်း ဆန္ဒပြသူနှစ်ဦးဟာ ဦးခေါင်းမှာ သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုထားပြီး နိုင်ငံရဲ့ စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြမှု တစိတ်တပိုင်းအဖြစ် အဓိကမြို့ကြီး ဖြစ်တဲ့ ရန်ကုန်မှာ ဈေးဆိုင်တွေ၊ စက်ရုံတွေနဲ့ ဘဏ်တွေကို ပိတ်ထားရပါတယ်။

Tanka ရဲ့အဆိုအရ H&M ဟာ မြန်မာနိုင်ငံက လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်နေပြီး ကုလသမဂ္ဂအဖွဲ့တွေ၊ သံတမန်ရေးရာ ကိုယ်စားလှယ်တွေ၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေ၊ ကုန်သွယ်ရေးရာ သမဂ္ဂတွေ၊ တခြား နိုင်ငံစုံက ကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သူက “ကုမ္ပဏီတခုအနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေရဲ့ စိတ်ဆန္ဒနဲ့ လျော်ညီမယ့် အပြုသဘော ဖွံ့ဖြိုးတိုးတက်မှုတွေကို အကောင်းဆုံး ဘယ်လို ဖြန့်ဝေနိုင်မယ်ဆိုတာနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချနိုင်ရေး အဲ့ဒီ ဆွေးနွေးညှိနှိုင်းမှုတွေက ကျနော်တို့ကို လမ်းပြပေးနိုင်မှာ ဖြစ်ပါတယ်” လို့ ပြောကြားထားပါတယ်။

မြန်မာနိုင်ငံရဲ့ အထည်အလိပ်လုပ်ငန်းဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်းနိုင်ငံတို့ရဲ့ အထည်အလိပ် လုပ်ငန်းတွေနဲ့ ယှဉ်ရင် သေးငယ်ပါတယ်။ ဒါပေမဲ့ စက်ရုံပေါင်း ၆၀၀ ဝန်းကျင်မှာ များပြားတဲ့ လုပ်သားတွေရှိပြီး ၂၀၂၀ ပြည့်နှစ်မှာ လုပ်သားပေါင်း ၄ သိန်းခွဲ ဝန်းကျင်ကို အလုပ်အကိုင်တွေ ထောက်ပံ့ပေးထားနိုင်တယ်လို့ မြန်မာ့အထည်အလိပ် ထုတ်လုပ်သူများအသင်းက ပြောဆိုထားပါတယ်။

Ref: Reuters

You may also like these stories:

ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်ကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထား

စိုင်းစိုင်းခမ်းလှိုင်နဲ့ လက်တွဲမှု ရပ်ဆိုင်းထားကြောင်း လုပ်ငန်းအချို့ ထုတ်ပြန်

တသက်တာ ဂီတထူးချွန်ဆုရှင်၊ Bass Guitarist ဆလိုင်းဇာလျန်း ကြွေလွှင့်

Loading