Trend

မီဒီယာ မေးခွန်းတွေကို ရှောင်ဖို့ လက်သန့်ဆေးရည် လိုက်ဖျန်းခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာဟာ သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းလာတဲ့ မေးခွန်းတွေကို မဖြေဘဲ ရှောင်ထွက်ဖို့ လုပ်ခဲ့တဲ့ အပြုအမူက လူရယ်စရာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂါနေ့က မီဒီယာတွေနဲ့ တွေ့ဆုံစဉ် သတင်းထောက်တွေကို လက်သန့်ဆေးရည် လိုက်ဖျန်းပြီး အခန်းထဲက ထွက်သွားခဲ့တာပါ။

လွန်ခဲ့တဲ့ ၇ နှစ်က ဆန္ဒပြပွဲအတွင်း ဆူပူအုံကြွမှု ဖြစ်စဉ်တွေကြောင့် ဝန်ကြီးချုပ်ရဲ့ ဝန်ကြီး ၃ ဦး ပြီးခဲ့တဲ့အပတ်ကပဲ အကျဉ်းကျခံခဲ့ရတာကြောင့် လစ်လပ်သွားတဲ့ နေရာတွေမှာ အစားထိုးဖို့ ဖြစ်နိုင်တဲ့လူစာရင်းနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ပရာရွတ်တယောက် စိတ်အလိုမကျ ဖြစ်ခဲ့ရပါတယ်။

“တခြား ဘာမေးစရာရှိသေးလဲ” “ကျနော်တော့ မတွေ့တော့ဘူး။ ဝန်ကြီးချုပ် တဦးတည်းပဲ အရင်သိထားသင့်တာ ရှိသေးလား” လို့ စင်ပေါ်က ပြန်ပြောခဲ့ပါတယ်။ အဲဒီနောက် ဝန်ကြီးချုပ်ဟာ နှာခေါင်းစည်း Mask ကို လက်က ကိုင်ထားရင်း စင်ပေါ်က ဆင်းလာကာ လက်သန့်ဆေးရည်ဘူး ဆွဲယူပြီး မီဒီယာသမားတွေကို လိုက်ဖျန်းခဲ့တာပါ။

ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင်ဟောင်း ပရာရွတ်ဟာ အခုလိုမျိုး လူရယ်စရာ အပြုအမူတွေကို မီဒီယာတွေအပေါ် ကြိမ်ဖန်များစွာ ပြုလုပ်လေ့ရှိပြီး တခါတရံ ဒေါသတကြီး ပြန်လည် တုံ့ပြန် ပြောဆိုတတ်သူလည်း ဖြစ်ပါတယ်။

နောက်ပိုင်းရိုက်ကူးထားတဲ့ ဗီဒီယိုအရ ဝန်ကြီးချုပ် ပရာရွတ်ဟာ လက်သန့်ဆေးရည် လိုက်ဖျန်းပြီး အဆိုပါ မီဒီယာအဖွဲ့တွေနဲ့ ဆက်စကားပြောနေရာမှာ ဒေါသထွက်နေပုံ ပေါ်နေခဲ့ပြီး ခဏအကြာမှာ အခန်းထဲက ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ဟာ တနင်္လာနေ့ကလည်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း ပြန်လည် အသက်ဝင်လာဖို့ Songkran ပွဲတော်ကို ကျင်းပဖို့ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ COVID-19 ကာကွယ်ဆေး စတင်ထိုးနှံနေပြီ ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ လူအများ စိတ်ဝင်စားတဲ့ ရိုးရာပွဲတော်ကို ကျင်းပပြီး ပြည်သူတွေ ပါဝင်လာဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာစေချင်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ပြောဆိုသွားခဲ့တာပါ။

COVID-19 စောင့်ကြည့်ရေးစင်တာက ဒီနှစ်ရဲ့ Songkran ပွဲတော်ကို New Normal ပုံစံနဲ့ ရိုးရာမပျက် ကျင်းပသွားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ချမှတ်ထားတဲ့ အဆင့် ၃ ဆင့် ကန့်သတ်ချက် စည်းကမ်းတွေကို ဖြေလျှော့ပေးသွားဖို့လည်း စဉ်းစားပေးနေပြီလို့ ဆိုပါတယ်။

Ref: Reuters , Bangkok Post

You may also like these stories:

ဖက်ရှင်ကုမ္ပဏီကြီး H&M က မြန်မာနိုင်ငံမှ အော်ဒါအသစ်များ မှာယူမှု ရပ်ဆိုင်း

ပြည်သူများအား သတ်ဖြတ်မှု ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို Dave Leduc တောင်းဆို

ဆန္ဒပြ တိုက်ပွဲတွေမှာ ရှေ့တန်းရောက်နေတဲ့ မြန်မာအမျိုးသမီး ဟီးရိုးများ

Loading