မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပုံစံတွေ ပြောင်းလဲလာခဲ့ပါတယ်။ အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် လူသေဆုံးမှု များခဲ့ပြီးနောက် မတ်လ ၂၂ ရက်မှာ အာဏာရှင်ကို ဆန့်ကျင်တဲ့ လက်သုံးချောင်း ထောင်ကာ မြို့ထဲလမ်းမတွေပေါ်မှာ ကားတွေနဲ့ ဟွန်းတီးပြီး လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံရဲ့ အဓိက စီးပွားရေး အချက်အချာ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမှာလည်း မနက် ဝေလီဝေလင်းအချိန် အရုဏ်ဦး သပိတ်တွေ ပြုလုပ်လာခဲ့ပါတယ်။ ဒေသခံ မီဒီယာတွေမှာ ဖော်ပြချက်အရ ရန်ကုန်နဲ့ ဆေးတက္ကသိုလ် ကျောင်းသား ရာချီပါဝင်တဲ့ မန္တလေးမြို့က အရုဏ်ဦး သပိတ်အပြင် တခြားမြို့ကြီးတွေမှာလည်း မနက်ခင်းအစောပိုင်း လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့အပြီးမှာ နိုင်ငံအဝန်းက မြို့ရွာတွေမှာ ဆန္ဒထုတ်ဖော်ပွဲတွေ ရှိလာခဲ့တာပါ။ မတ်လ ၂၁ ရက်ကလည်း မုံရွာမြို့မှာ ကျဆုံးမှုတွေ ရှိခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆရာဝန်တဦးက လိုအပ်တဲ့သွေး အလှူခံရင်း Facebook စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော် မန္တလေးမြို့မှာလည်း လုံခြုံရေးတပ်ဖွဲ့တွေကို ခုခံရင်း ကျဆုံးမှုတွေ ရှိသလို၊ ဒဏ်ရာ ရခဲ့သူတွေလည်း ရှိခဲ့တယ်လို့ မြန်မာနောင်းမ် သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ အချိန်ထိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အနည်းဆုံးသေဆုံးသူ ၂၅၀ ကျော်သွားပါပြီ။
ဖေဖော်ဝါရီလတုန်းက ပြုလုပ်ခဲ့တဲ့ လူအင်အားအများဆုံး ဆန္ဒထုတ်ဖော်ပွဲဖြစ်ခဲ့တဲ့ ၂ ငါးလုံး ဆန္ဒပြပွဲ တလပြည့်အဖြစ် ကားတွေနဲ့ လမ်းမတွေပေါ် ထွက်ပြီး ဆန္ဒထုတ်ဖော်ဖို့ ဆိုရှယ်မီဒီယာကတဆင့် နှိုးဆော်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း တနင်္လာနေ့ မနက်ပိုင်းမှာ လမ်းမတွေပေါ် မော်တော်ယာဉ်တွေဟာ ကားဟွန်းတွေတီးပြီး ၂ ငါးလုံးဆန္ဒပြပွဲ တလပြည့်အဖြစ် ကားသပိတ်ကို ဆင်နွှဲခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်တဲ့ ပုံစံတွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲလာခဲ့ပြီးနောက်ပိုင်း ညဘက်မှာ ဖယောင်းတိုင်မီး ထွန်းညှိ ဆုတောင်းရင်း ညသပိတ်တွေ ပြုလုပ်ခဲ့ပါတယ်။ တချို့နေရာတွေမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေပါ ဆုတောင်းပွဲမှာ ပါဝင်လာခဲ့ပါတယ်။
လမ်းမတွေပေါ်မှာ ဆိုင်းဘုတ်ကတ်ပြားတွေပဲ ထောင်ထားတဲ့ လူမဲ့သပိတ်နဲ့ ရွေ့လျားသပိတ်၊ မနက်ဘက် ဈေးထဲမှာ လုပ်ကြတဲ့ ဈေးဝယ်သပိတ်၊ အာဏာရှင်ဆန့်ကျင်ရေး မိုပျံပူဖောင်း သပိတ်၊ အရုပ်သပိတ်၊ မီးဖိုချောင်သုံးပစ္စည်းတွေ ချပြီး ပြုလုပ်ခဲ့တဲ့ အိမ်ရှင်မ သပိတ်၊ မေတ္တာပို့ ဆုတောင်းပွဲနဲ့ လမ်းလျှောက်သပိတ်တွေအပြင် မတ်လ ၂၄ ရက်မှာ လုပ်မယ့် “Silence Strike” တိတ်ဆိတ်ခြင်းသပိတ်ပုံစံတွေနဲ့ ပြည်သူတွေဟာ ပုံစံအမျိုးမျိုးနဲ့ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်နေပါတယ်။
Ref: CNA
You may also like these stories:
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဆယ်စုနှစ်တခုကြာ အဆိုးဆုံး သဲမုန်တိုင်း တိုက်ခတ်
သွေးမြေကျခဲ့ရသူတွေအတွက် အာဇာနည်ဗိမာန်လို နေရာတခု လုပ်ဖို့ ဆွေးနွေးနေ
Viber မှ မြန်မာနိုင်ငံရှိ ကြော်ငြာ လုပ်ဆောင်ချက်များအားလုံး ရပ်တန့်ထားမည်