မလေးရှားပရီးမီးယားလိဂ်ရဲ့ Selangor II FC အသင်းမှ မြန်မာနိုင်ငံသား တောင်ပံကစားသမား ဟိန်းထက်အောင်ဟာ ကစားပွဲတပွဲအတွင်းမှာ နိုင်ငံရေး သင်္ကေတ တခုကို ဖော်ပြခဲ့မိတဲ့အတွက် ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မလေးရှားဘောလုံးအဖွဲ့ချုပ် (FAM) ရဲ့ ထုတ်ပြန်ချက်ထဲမှာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အသက် ၁၉ နှစ်အရွယ် ဟိန်းထက်အောင်ရဲ့ လုပ်ရပ်ဟာ အားကစားသမား မပီသဘူးဆိုတာကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
FAM ရဲ့ အဆိုအရ ဟိန်းထက်အောင်ဟာ ကွာလာလမ်ပူ ဘောလုံး အားကစားကွင်းမှာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ Selangor အသင်းနဲ့ PDRM FC အသင်းတို့ရဲ့ ပွဲအတွင်း FAM ရဲ့ စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်း အပိုဒ် ၅၉ ကို ချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။
FAM ရဲ့ စည်းကိမ်းထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်း အပိုဒ် ၅၉ မှာတော့ တစုံတဦးကို စော်ကားရန် နည်းလမ်းတမျိုးမျိုးဖြင့် ဒေါသတကြီး တုံ့ပြန်ဖော်ပြသော ကိုယ်နေဟန်ထားနဲ့ ဘာသာစကားကို အသုံးပြုခြင်း (သို့မဟုတ်) အားကစားသမား မဆန်သော အပြုအမူကို နည်းလမ်းတမျိုးမျိုးဖြင့် အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ဟိန်းထက်အောင်ဟာ လာမယ့် ဧပြီလ ၂ ရက်နေ့မှာ Perak FC II အသင်းနဲ့ ကစားမယ့် Selangor II အသင်းရဲ့ M-League ကစားပွဲတပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ FAM ကတော့ ဟိန်းထက်အောင်ကို ပြင်းပြင်းထန်ထန် သတိပေးထားပြီး နောက် အလားတူ လုပ်ရပ်မျိုး လုပ်ဆောင်ခြင်းမပြုစေရန် ကြီးလေးတဲ့ ပြစ်ဒဏ် ချမှတ်ထားတယ်လို့ ဆိုပါတယ်။

မတ်လ ၆ ရက်၊ ကစားပွဲပြီးတဲ့နောက် Selangor II အသင်းရဲ့ တရားဝင် Twitter အကောင့်မှာ လက်သုံးချောင်းထောင်နေတဲ့ ဟိန်းထက်အောင်ရဲ့ ဓာတ်ပုံ တပုံကို တင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဓာတ်ပုံ ပါဝင်တဲ့ ပို့စ်ကို ပြန်လည် ဖြုတ်ချခဲ့ပါတယ်။
PDRM FC အသင်းဘက်ကို ဂိုးကန်သွင်းယူခဲ့ပြီးတဲ့နောက် အောင်ပွဲခံတဲ့ နေရာမှာ အခုလိုမျိုး ကစားသမားရဲ့ လက်သုံးချောင်းထောင် ဖော်ပြမှုကို ရှင်းချက် ထုတ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပြီးတဲ့နောက် Selangor II အသင်းက သူတို့ရဲ့ ပို့စ်ကို ပြန်လည် ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဟိန်းထက်အောင်ရဲ့ ပွဲပယ် ပြစ်ဒဏ်ဖြစ်စဉ်ကို နယ်စပ်ဖြတ်ကျော် လူငယ်လှုပ်ရှားမှုဖြစ်တဲ့ “Milk Tea Alliance” မှာ ပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ အဲဒီ ဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိကြောင်းနဲ့ ကစားသမားနဲ့အတူ ရပ်တည်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
Twitter မှာတော့ အဲဒီ လှုပ်ရှားမှုရဲ့ မလေးရှားနိုင်ငံဆိုင်ရာ အဖွဲ့ကတော့ ပြစ်ဒဏ်နဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း၊ မလေးပြည်နယ်အသင်းအတွက် ကစားနေတဲ့ မြန်မာနိုင်ငံသားတယောက်က တပ်မတော်အတွက် သူ့ရဲ့ အပြစ်တင်မှုကို ပြသခွင့် မရှိဘူးလို့ စောဒက တက်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှ ဂျာနယ်လစ်တဦးကလည်း ဘောလုံးအသင်း စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်လို့ ပြစ်ဒဏ်ပေးခံရကြောင်းနဲ့ လူသားတယောက်ရဲ့ ကျင့်ဝတ်နဲ့အတူ ပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြောကြားထားတဲ့ ဟိန်းထက်အောင်ရဲ့ ထုတ်ပြန်ချက်ကို Twitter မှာ ပြန်လည် ဝေမျှခဲ့ပါတယ်။
Ref: Says
You may also like these stories:
မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ
ခေါ်သွားတော့ အကောင်း ပြန်ရောက်တော့ အလောင်း
အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ