တရုတ်နိုင်ငံ၊ မြို့တော် ဘေဂျင်းမှာ မတ်လ ၂၈ ရက် မနက်ပိုင်းက အန္တရာယ်ရှိတဲ့ ဖုန်မှုန် သဲမှုန်ထုကြီး ဖုံးလွှမ်းနေခဲ့ပါတယ်။ ဒါဟာ မတ်လအတွင်း ဒုတိယအကြိမ် သဲမုန်တိုင်း တိုက်ခတ်ခံရတာပါ။ နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ မွန်ဂိုလီးယားကနေ တိုက်ခတ်လာတဲ့ လေပြင်းတွေကြောင့် မြို့တော်တခုလုံး လေထု အရည်အသွေး ကျဆင်းနေပြီး မြို့ခံလူထုကလည်း စိုးရိမ်နေပါတယ်။
မြို့ပေါ်က လမ်းတွေပေါ်မှာ သွားလာနေသူတွေကလည်း နှာခေါင်းစည်း Mask နဲ့ မျက်လုံးအကာတွေပါ တပ်ဆင် ကာကွယ်ထားရသလို၊ သဲမုန်တိုင်းကြောင့် မိုးမျှော်တိုက်ကြီးတွေလည် မီးခိုးမြူတွေနဲ့ အုပ်ဆိုင်းနေပါတယ်။
“ဒီနေ့က အခြေအနေ အတော်ဆိုးတာပါ။ လတိုင်း တရက် မဟုတ် နှစ်ရက်လောက်ကတော့ လေထုညစ်ညမ်းတာ၊ လေထုထဲ ဖုန်မှုန့်များတာမျိုး ဖြစ်လေ့ရှိတယ်” လို့ အသက် ၃၉ နှစ်အရွယ် ဘေဂျင်းမြို့ခံ Fan က ဆိုပါတယ်။
ဘေဂျင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်မနက်ပိုင်း လေထုအရည်အသွေးအညွှန်းကိန်းဟာ အမြင့်ဆုံးအဆင့် ၅၀၀ ထိရောက်ရှိနေတယ်လို့ ဆိုပါတယ်။ တချို့နေရာတွေမှာဆို PM 10 အမှုန်တွေဟာ ပမာဏ ၂,၀၀၀ မိုက်ခရိုဂရမ်ထိ မြင့်တက်သွားတယ်လို့ ဖော်ပြထားပါတယ်။
ဘေဂျင်းမြို့ပေါ်မှာတော့ ပိုသေးငယ်တဲ့ PM 2.5 အမှုန်ဟာ ၃၀၀ မိုက်ခရိုဂရမ် အထက်မှာ ရှိတာကြောင့် တရုတ်နိုင်ငံရဲ့ စံသတ်မှတ်နှုန်း ၃၅ မိုက်ခရိုဂရမ်ထက် အများကြီး ကျော်လွန်နေပြီလို့ ဆိုပါတယ်။ သေးငယ်တဲ့ PM 2.5 အမှုန်ကတော့ သွေးကြောတွေထဲထိ ဝင်ရောက်နိုင်သလို၊ ပိုကြီးမားတဲ့ PM 10 အမှုန်တွေကတော့ အဆုတ်ထဲထိ ဝင်ရောက်နိုင်ပါတယ်။
တရုတ်မိုးလေဝသဌာနက မတ်လ ၂၆ ရက်နေ့ထဲက မွန်ဂိုလီးယားကနေ တိုက်ခတ်လာမယ့် လေပြင်းတွေကြောင့် မြို့တော် ဘေဂျင်း ဝန်းကျင်မှာရှိတဲ့ Hebei, Liaoning, Shanxi, အတွင်း မွန်ဂိုလီးယား အပါအဝင် နိုင်ငံ မြောက်ပိုင်းဒေသတွေထိ သဲမုန်တိုင်း ဝင်ရောက် တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုးလေဝသဌာန တာဝန်ရှိသူတဦး ပြောပြချက်အရ သဲမုန်တိုင်းအစပြုရာ မွန်ဂိုလီးယားနိုင်ငံမှာ ရာသီဥတု ပူနွေးလာမှုကြောင့် နွေဦးရာသီမှာ ပုံမှန်ထက် အပူချိန် မြင့်မားနေသလို၊ မိုးရေချိန် လျော့နည်းတာတွေက သဲမုန်တိုင်း တိုက်ခတ်ဖို့ ဖြစ်စေတဲ့ အကြောင်းရင်းတွေလို့ ဆိုပါတယ်။
ယခုနှစ်ဟာ အပူချိန် မြင့်မားတဲ့ နှစ်တနှစ်ဖြစ်လို့ ဘေဂျင်းမြို့တော်မှာ ဧပြီလမှာလည်း သဲမုန်တိုင်း အန္တရာယ် ထပ်မံ ကြုံတွေ့လာနိုင်တယ်လို့ မိုးလေဝသဌာန တာဝန်ရှိသူတဦးက ပြောပြသွားပါတယ်။
Ref: Reuters
You may also like these stories:
လက်သုံးချောင်းထောင်မိလို့ Selangor II ကလပ်မှ ဟိန်းထက်အောင် ပွဲပယ် ပြစ်ဒဏ်ပေးခံရ
Mobile Legends ရဲ့ဂိမ်းကုမ္ပဏီကို ဒေါ်လာ ၄ ဘီလီယံနဲ့ ByteDance ကုမ္ပဏီ ဝယ်ယူ
ဆန္ဒထုတ်ဖော်ပုံတွေ ပြောင်းလဲလာတဲ့ “မြန်မာ့ နွေဦးတော်လှန်ရေး”