ထိုင်ဝမ်နိုင်ငံမှာ ခရီးသည်တင်ရထား လမ်းချော်မှုကြောင့် အနည်းဆုံး လူ ၅၀ ကျော် သေဆုံးပြီး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ခရီးသည် ၄၉၀ ဦးကို တင်ဆောင်လာတဲ့ အမြန်ရထားဟာ နိုင်ငံအရှေ့ပိုင်း လိုဏ်ခေါင်းအဖြတ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ရထားတွဲ ၈ တွဲပါတဲ့ ခရီးသည်တင်ရထားဟာ Taitung ကို အသွား သောကြာနေ့ မနက်ပိုင်းက လမ်းချော်ပြီး၊ Hualien မြို့မြောက်ဘက် လိုဏ်ခေါင်းနံရံတွေကို တိုက်မိကာ ရထားတွဲတော်တော်များများ ထိခိုက် ပျက်စီးသွားခဲ့တာဖြစ်တယ် လို့ မီးသတ်ဌာနရဲ့ ပြောကြားချက်ကို အစိုးရပိုင် Central News Agency (CNA) က ဖော်ပြခဲ့ပါတယ်။
မတော်တဆမှုကြောင့် ရထားတွဲ မောင်းသူလည်း သေဆုံးသွားပြီး ကျန်ရှိတဲ့ ဒဏ်ရာရသူ အနည်းဆုံး ၆၉ ဦးကို Hualien အနီးဝန်းကျင်က ဆေးရုံတွေကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲက တချို့အလောင်းတွေကို စိစစ်ခွဲခြားနေဆဲဖြစ်ပြီး၊ အပျက်အစီးတွေကြား ပိတ်မိနေသူတွေကိုလည်း ကယ်ထုတ်ပေးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ရထားတွဲနဲ့ ပါလာသူ ပြင်သစ်နိုင်ငံသားကတော့ သေဆုံးသွားပြီး ဂျပန်လူမျိုး ၂ ဦးနဲ့ မကာအို ၁ ဦးကတော့ ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးသမားတွေကလည်း ပိတ်မိနေသူတွေနဲ့ ဒဏ်ရာ ပြင်းထန်ရထားသူကို အမြန်ဆုံး ကယ်တင်နိုင်ဖို့အတွက် ကြိုးစား ဆောင်ရွက်နေပါတယ်။
ရထားလမ်းချော်စေခဲ့တဲ့ ထရပ်ကားပိုင် ဆောက်လုပ်ရေးဆိုက် မန်နေဂျာကိုလည်း ဖမ်းဆီးထားပါတယ်။ တာဝန်ရှိသူတွေ ပြောကြားချက်အရ ရထားလမ်းဘေး ဆောက်လုပ်ရေး လုပ်ငန်းခွင်နားမှာ ရပ်ထားတဲ့ ထရပ်ကားတစီးဟာ ဘရိတ်သေချာ မဆွဲထားတာကြောင့် လျှောကျပြီး ရထားလမ်းပေါ် တင်နေရာက ရထားလမ်းချော်သွားခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်နေပါတယ်။
ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုအရ ထရပ်ကားတစီးရဲ့ အစိတ်အပိုင်းတွေကို ရထားလမ်းချော်တဲ့ နားမှာ ပြန့်ကျဲနေတာ မြင်ရပြီး၊ “ရထားက ထရပ်ကားကို တိုက်လိုက်မိတယ်၊ ဒါ ဘယ်နေရာလဲဆိုတော့ Qingshui လိုဏ်ခေါင်းထဲမှာပါ။ ရထားက ထရပ်ကားတစီးကို တိုက်လိုက်မိလိုက်တာပါ။ ထရပ်ကားလဲ မှောက်ကျသွားတယ်။ ကံကောင်းချင်တော့ ငါက ရထားနောက်ပိုင်းအတွဲက လိုက်လာတာဖြစ်နေတယ်။ စတုတ္ထတွဲက လိုက်လာတာ” လို့ လူတယောက်က ဗီဒီယိုထဲမှာ ပြောနေတာကို ကြားရမှာပါ။
ရထားလမ်းချော်ရာမှာ ခရီးသည်တဦးပေါ်တဦး ထပ်ပြိုလဲကာ လွင့်ထွက်ကုန်ကြတယ်လို့ ဆိုပါတယ်။ အားလပ်ရက် ချိန်ခါဖြစ်လို့ ရထားပေါ်မှာ ပြည်တွင်းခရီးသည်တွေအပြင် နိုင်ငံခြားသား ခရီးသွားတွေပါ အများအပြား လိုက်ပါလာခဲ့တာပါ။
သတင်းစာ ရှင်းလင်းပွဲမှာတော့ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတွေက အနည်းဆုံး ခရီးသည် ၁၅၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုခဲ့သလို ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက တယောက်မကျန် ကယ်ထုတ်ပေးနိုင်ဖို့ အမြန်ဆုံး ဆောင်ရွက်နေကြောင်း ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် အစိုးရက သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုတိုင်းကို အမေရိကန်ဒေါ်လာ ၁၈၅,၅၀၀ စီ ကူညီပေးသွားမယ့်အပြင် အပြင်းအထန် ဒဏ်ရာရသူကို ကန်ဒေါ်လာ ၉၁,၀၀၀ နဲ့ အနည်းငယ် ထိခိုက်ခဲ့သူကို ကန်ဒေါ်လာ ၁၄,၀၀၀ စီ ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်တုန်းကလည်း ထိုင်ဝမ်အရှေ့မြောက်ပိုင်းမှာ ရထားတွဲ လမ်းချော်မှုကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ပြီး၊ ၁၇၅ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။
Ref: edition.cnn
You may also like these stories:
မြန်မာနိုင်ငံအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်သစ် Facebook မိတ်ဆက်
အင်တာနက် ပိတ်ခံထားရတဲ့ ကာလမှာ နှစ်စဉ်လိုင်စင်ကြေး တယ်လီနော သက်တမ်းထပ်တိုး
တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းမှာ ဒုတိယအကြိမ် သဲမုန်တိုင်း တိုက်ခတ်