စင်ကာပူနဲ့ အပြန်အလှန် ခရီးသွားလာရေး လုပ်ဖို့ ဆွေးနွေးနေတဲ့ ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံဟာ စင်ကာပူနိုင်ငံနဲ့ အပြန်အလှန် ခရီးသွားလာရေး (Travel Bubble) ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဟာ နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားလာရေးအတွက် စင်ကာပူသံရုံးမှာ ဆွေးနွေးသွားမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။
“စင်ကာပူနိုင်ငံက သြစတြေးလျ၊ နယူးဇီလန်တို့နဲ့လည်း အပြန်အလှန် ခရီးသွားလာရေးတွေ လုပ်ခဲ့ဖူးပါတယ်။ တကယ်လို့ စင်ကာပူနိုင်ငံဘက်ကသာ ထိုင်းနဲ့ ချိတ်ဆက်ဖို့ သဘောတူမယ်ဆိုရင် ကျနော်တို့ နိုင်ငံဆီ စင်ကာပူနိုင်ငံသားတွေအပြင် သြစတြေးလျ၊ နယူးဇီလန်တို့က ခရီးသွားတွေပါ ရောက်လာနိုင်တယ်”လို့ ဝန်ကြီး Phiphat Ratchakitprakarn က ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဟာ တခြားအာဆီယံနိုင်ငံတွေဖြစ်တဲ့ COVID-19 ကူးစက်မှုနည်းတဲ့ ဗီယက်နမ်၊ လာအိုနိုင်ငံတို့နဲ့ပါ Travel Bubble အစီအစဉ်အတွက် ဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ဝန်ကြီးရဲ့ ပြောဆိုချက်အရ တနိုင်ငံနဲ့တနိုင်ငံ အပြန်အလှန် ခရီးသွားလာရေး Travel Bubble အစီအစဉ်ကို အောက်တိုဘာ ၁ ရက်မှာ စတင်သွားဖို့ မျှော်မှန်းထားပါတယ်။
တရုတ်နိုင်ငံကလည်း နိုင်ငံသားတွေကို နိုင်ငံခြားခရီးစဉ် ပြန်ခွင့်ပြုမယ်ဆိုရင် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်နိုင်ဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီး Phiphat က ဆိုပါတယ်။ ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တွေကိုလည်း ယခင်က အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီက လာရောက် လည်ပတ်ဖူးတဲ့ ခရီးသွားဧည့်သည်ဟောင်းတွေကို သူတို့ရဲ့ Ramadan ဥပုသ်လအပြီး ဒါမှမဟုတ် မေလလယ်လောက်မှာ လာရောက် လည်ပတ်နိုင်အောင် ပြန်ချိတ်ဆက်ဖို့ တိုက်တွန်း ပြောကြားသွားပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ COVID-19 ကာကွယ်ဆေး ထိုးပြီးသူများတာကြောင့် ထိုင်းနိုင်ငံကို လာရောက် လည်ပတ်နိုင်ဖို့ ဖိတ်ခေါ်သင့်တယ်လို့ ဆိုပါတယ်။ ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ (TAT) က ဟောင်ကောင်နဲ့ပါ Travel Bubble ချိတ်ဆက်သွားဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ ဧပြီလ ၁ ရက်ကစလို့ လာရောက်မယ့် နိုင်ငံခြားသားတွေကို Quarantine ၁၄ ရက်အစား ၁၀ ရက် လျှော့ချပေးထားပြီး ဖြစ်ပါတယ်။ COVID-19 ကာကွယ်ဆေး ထိုးပြီးသူတွေဆို ၇ ရက်ထိ လျော့ချပေးဖို့ စီစဉ်ပေးထားပါတယ်။ ဒါပေမဲ့ COVID-19 ကူးစက်မှု မြင့်တက်နေသေးတဲ့ နိုင်ငံတွေက လာရောက်မယ့်သူတွေကတော့ Quarantine ၁၄ ရက် နေရဦးမှာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ Center for Economic Situation Administration ကလည်း ဇူလိုင် ၁ ရက်ကစလို့ TAT ရဲ့ အဆိုပြုချက်အရ ကာကွယ်ဆေး ထိုးပြီးတဲ့ ခရီးသွားတွေအတွက် ဖူးခက်မှာ “Tourism Sandbox” စတင်မယ်လို့ မတ်လ ၂၆ ရက်က ပြောကြားလိုက်ပါတယ်။
အဆိုပါ အစီအစဉ်အရ COVID-19 ကာကွယ်ဆေး ထိုးထားပြီးနဲ့ ဆေးစစ်ရာမှာ Negative ထွက်တဲ့ ခရီးသွားတွေကို ဖူးခက်မှာ Quarantine ဝင်စရာမလိုဘဲ လွတ်လပ်စွာ လည်ပတ်ခွင့်ပေးသွားမှာပါ။ နောက်ထပ် Pattaya, Chaing Mai, Karbi, Phang Nga, Surat Thani တို့မှာပါ ဆက်လက်လုပ်ဆောင်ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဘန်ကောက်မြို့ပေါ်မှာတော့ မကြာသေးခင်က COVID-19 အစုလိုက် ကူးစက်မှုတွေကြောင့် ကြေညာထားတဲ့ Songkran ပွဲတော် အစီအစဉ်တွေကို ဖျက်သိမ်းကြောင်း Bangkok Metropolitan Administration (BMA) က ပြောကြားလိုက်ပါတယ်။
Thong Lo ဖျော်ဖြေရေး စင်တာတွေ ရှိတဲ့ နေရာတဝိုက်မှာ အစုလိုက် ကူးစက်မှုတွေ ရှိခဲ့တာကြောင့် နောက်ထပ် ပျံ့နှံ့လာမှာကို ကာကွယ် ထိန်းချုပ်တဲ့အနေနဲ့ ဘန်ကောက်မြို့တဝိုက် နေရာအားလုံးမှာ Songkran ပွဲတော် အစီအစဉ်တွေ ဖျက်သိမ်းသွားမယ်လို့ ဒုမြို့တော်ဝန် Kriangyos Sudlabha က မတ်လ ၇ ရက်က ဆိုပါတယ်။
Ref: Nation Thailand
You may also like these stories:
Emirates နဲ့ Eithad လေကြောင်းလိုင်းတွေမှာ Travel Pass စမ်းသပ် အသုံးပြုမည်
ယူကေကို ဝင်လာမယ့် ခရီးသွားလမ်းကြောင်း အားလုံး ၁ လကြာ ပိတ်မည်
သြစတြေးလျမှာ ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်မှု တွေ့ပြီးနောက် ပြည်ဝင်ခွင့် တင်းကျပ်