တရုတ်နိုင်ငံက Alibaba ကုမ္ပဏီကြီးကို ဈေးကွက်ဝေစု လက်ဝါးကြီအုပ်မှုကြောင့် စံချိန်တင် အမြင့်ဆုံး ဒဏ်ကြေးငွေကို ချမှတ်လိုက်ပါတယ်။ တရုတ်အစိုးရ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က နည်းပညာကုမ္ပဏီကြီးကို တရုတ်ယွမ်ငွေ ၁၈ ဒသမ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၈ ဘီလီယံ) ပေးဆောင်ဖို့ သတ်မှတ်လိုက်တာပါ။
၁၉၉၉ ခုနှစ်မှာ Jack Ma စတင်တည်ထောင်ထားခဲ့တဲ့ Alibaba ဟာ တရုတ်နိုင်ငံ E-commerce နယ်ပယ်ရဲ့ ထိပ်တန်း ကုမ္ပဏီတခုဖြစ်သလို ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီစာရင်းဝင်လည်း ဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကလည်း ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကို လက်ခံကြောင်းနဲ့ လိုက်နာ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကို ချပြသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
စာသုံးသူ အခွင့်အရေး အလွဲသုံးစားလုပ်မှုကို ကာကွယ်ရန်နဲ့ အပြိုင်အဆိုင် ယှဉ်ပြိုင်မှု မရှိဘဲ လက်ဝါးကြီး အုပ်ထားတဲ့ အပြုအမူတွေကြောင့် တရုတ်ရဲ့ နည်းပညာပလက်ဖောင်း အထူးသဖြင့် Alibaba အပေါ် အစိုးရက စစ်ဆေးဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ဒီဇင်ဘာလကစတင်ပြီး Alibaba ကို စတင်စုံစမ်း စစ်ဆေးမှုတွေကို ကောက်ချက်ချပြီး စံချိန်တင် ဒဏ်ကြေးငွေ ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
“၂၀၁၅ ခုနှစ်ကတည်းက Alibaba လုပ်ငန်းစုကြီးဟာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး ဈေးကွက်ဝေစုကို မတရားသဖြင့် နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ် သိမ်းပိုက်လာခဲ့တာ ဖြစ်တယ်” လို့ အဖွဲ့က ဆိုပါတယ်။
၂၀၁၅ ခုနှစ်ကစလို့ ဈေးကွက်တွင်း ယှဉ်ပြိုင်မှု၊ တီထွင်ဖန်တီးမှု၊ စားသုံးသူနဲ့ ကုန်သည်တွေရဲ့ အကျိုးစီးပွား ထိခိုက်စေနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ Alibaba လုပ်ငန်းစုကြီးကို ဒဏ်ကြေးချမှတ်ခဲ့တာဖြစ်တယ်လို့ အစိုးရအဖွဲ့က ဆိုပါတယ်။
ဒဏ်ကြေးငွေ ပမာဏဟာ ၂၀၁၉ ခုနှစ် Alibaba ကုမ္ပဏီ နှစ်စဉ်ဝင်ငွေရဲ့ ၄ ရာခိုင်နှုန်းခန့် ရှိပါတယ်။ Alibaba ရဲ့ ပိုင်ရှင် ဘီလီယံနာသူဌေးကြီး Jack Ma ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း နိုင်ငံရဲ့ စည်းမျဉ်း ဥပဒေတွေကို အများပြည်သူရှေ့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာကြောင့် အစိုးရရဲ့ စောင့်ကြည့် စစ်ဆေးမှုတွေထဲ ရောက်လာခဲ့တာပါ။
ဒီဇင်ဘာလကုန်ပိုင်းမှာပဲ တရုတ်ဈေးကွက် လေ့လာစောင့်ကြည့်ရေးစီမံအဖွဲ့ (SAMR) ကနေ ဈေးကွက်ဝေစု လက်ဝါးကြီးအုပ်တယ်လို့ ကြေညာခဲ့ပါတယ်။ အဆိုပါ ကြေညာချက် ထွက်ပေါ်လာပြီးနောက်မှာပဲ Alibaba ရဲ့ အင်တာနက် ဘဏ္ဍာရေး လက်နက်တခုဖြစ်တဲ့ Ant Group ရဲ့ အမေရိကန်ဒေါ်လာ ၃၇ သန်း IPO ရောင်းချမယ့် အစီအစဉ်ကို ရပ်ဆိုင်းခဲ့ပါတယ်။
Ref: Reuters , CNA
You may also like these stories:
ဗြိတိန်ဘုရင်မကြီး၏ ကြင်ယာတော် ဖိလစ် မင်းသားကြီး ကွယ်လွန်
စင်ကာပူနဲ့ အပြန်အလှန် ခရီးသွားလာရေး လုပ်ဖို့ ဆွေးနွေးနေတဲ့ ထိုင်းနိုင်ငံ
Milk Tea Alliance လှုပ်ရှားမှုကို emoji အသစ်ဖြင့် Twitter ဂုဏ်ပြု