ယခုနှစ် သင်္ကြန်မှာတော့ စစ်အာဏာရှင်များရဲ့ လက်ချက်ကြောင့် သေဆုံးသွားခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူများအပေါ် စာနာသောအားဖြင့်၊ စစ်ကောင်စီကို တော်လှန်ခြင်းဖြင့် သင်္ကြန်ကို ဖြတ်သန်းကြဖို့အတွက် ပြည်သူများက အချင်းချင်း တိုက်တွန်းထားကြပါတယ်။
မြန်မာ့ရိုးရာ အတာသင်္ကြန် အခါသမယကို တော်လှန် သင်္ကြန်အဖြစ် ပြောင်းလဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်မှာဖြစ်ပြီး၊ သင်္ကြန် ၄ ရက်နဲ့ နှစ်ဆန်းတရက်နေ့ကို တနေ့တမျိုး အစီအစဉ်များဖြင့် ကျော်ဖြတ်ကြဖို့ အစီအစဉ် ပြုလုပ်ထားကြပါတယ်။
သင်္ကြန်အကြိုနေ့ (ဧပြီလ ၁၃ ရက်နေ့)
အကြိုနေ့မှာတော့ သိကြားမင်းဟာ လူ့ပြည်ဆင်းလာတာကို ကြိုဆိုကြတဲ့ ဓလေ့ကြောင့် အတာအိုးများထိုးလေ့ ရှိကြပါတယ်။ ဒီလိုအတာအိုးများ ထိုးတဲ့အခါ အတာပန်းများကြားမှာ ကြွေးကြော်သံစာသားများ ထိုးစိုက်ခြင်း၊ အတာအိုးမှာ အာဏာဖီဆန်ခြင်း သင်္ကေတဖြစ်တဲ့ လက် ၃ ချောင်းပုံ ရေးဆွဲခြင်းဖြင့် အကြိုနေ့ မနက်ပိုင်းကို ဖြတ်သန်းပြီး ညနေပိုင်းမှာတော့ ကျဆုံးသူများအတွက် ဆီမီးထွန်း ဆုတောင်းကြမယ်လို့ သိရပါတယ်။ “အတာအိုးသပိတ်” လို့ နာမည်ပေးထားပါတယ်။
သင်္ကြန်အကျနေ့ (ဧပြီလ ၁၄ ရက်နေ့)
သင်္ကြန်အကျနေ့ကို “သွေးမတိတ်သပိတ်”လို့ နာမည်ပေးထားပြီး စစ်အာဏာရှင်များကြောင့် ကျဆုံးရသူများရဲ့ သွေးများဟာ သူတို့ လက်ထဲနဲ့ ပြည်သူများရဲ့ ရင်ထဲမှာ ဘယ်အခါမှ ခြောက်သွေ့မှာ မဟုတ်တဲ့အနေနဲ့ ပေးထားတာ ဖြစ်ပါတယ်။ အနီရောင်ဆေးများဖြင့် ခြယ်သကာ ရေပက်ဖြစ်ပါက အနီရောင်ရေ သုံးပြီး ပက်ကြမှာ ဖြစ်ပါတယ်။
တော်လှန်ရေးသီချင်းများဖြင့် တပြည်လုံးကို ပြန့်လွှင့်စေပြီး တပြည်လုံးကို အနီရောင်ခြယ်မယ်လို့ သိရပါတယ်။ ဒီသွေးမတိတ်သပိတ်ကိုတော့ နိမိတ် မကောင်းတဲ့အတွက် မလုပ်သင့်ကြောင်း ကန့်ကွက်ထားမှုများလည်း ရှိနေပါတယ်။
သင်္ကြန်အကြတ်နေ့ (ဧပြီလ ၁၅ ရက်နေ့)
အကြတ်နေ့မှာတော့ တနိုင်ငံလုံးမှာရှိသမျှ ယာဉ်တွေ အားလုံးဟာ မနက် ၁၀ နာရီကနေ ၁၀ နာရီ ၁၅မိနစ် အထိ ၁၅ မိနစ်တိတိ တော်လှန်ရေးသီချင်းများ နောက်ခံထားကာ လက်သုံးချောင်းထောင် အလေးပြု၍ အဆက်မပြတ် ဟွန်းတီးတဲ့ လှုပ်ရှားမှုကို လုပ်ကြမှာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကိုတော့ “ကား၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ ဆိုက်ကားသပိတ်” လို့ ခေါ်ပါတယ်။
သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်နေ့)
အတက်နေ့မှာတော့ “ဝမ်းနည်းခြင်း သပိတ်”ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ အသက်ပေးသွားရတဲ့ အာဇာနည်များအတွက် ဝမ်းနည်းကြောင်း ဖော်ပြတဲ့အနေနဲ့ အပြင်မထွက်ကြဘဲ “Slient Strike” ပြုလုပ်ပြီး မြို့ပြလမ်းများကို တစပြင်ကဲ့သို့ တိတ်ဆိတ်အောင် လုပ်ကြမှာ ဖြစ်ပါတယ်။
မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုပါက အင်္ကျီအနက်ရောင် ဝတ်ပြီး ကျဆုံးသူများနဲ့ အတူတူ ရပ်တည်ကြောင်း ပြကြမယ်လို့ သိရပါတယ်။
နှစ်ဆန်းတရက်နေ့ (ဧပြီလ ၁၇ ရက်နေ့)
မြန်မာနှစ်ဆန်းတရက်နေ့မှာတော့ မျိုးစုံသော ပြောက်ကျား ဆန့်ကျင် လှုပ်ရှားမှုများကို အင်တိုက်အားတိုက် ပြုလုပ်ပြီး နှစ်သစ်ကို ကြိုဆိုကြမှာ ဖြစ်ပါတယ်။ ညနေပိုင်း လမ်းမတန်းများမှာတော့ အန္တရာယ်ကင်း တရားနာခြင်းအပြင် ကျဆုံးသူများအတွက် ဆုတောင်းအမျှဝေ လှူဒါန်းခြင်းများ ပြုလုပ်မှာ ဖြစ်ပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ပြည်သူများဟာ အာဏာရှင်တွေ ဘယ်လို လက်နက်များဖြင့် ဖြိုခွင်းပါစေ။ သူတို့ရဲ့ဆန့်ကျင်မှုကို ရပ်တန့်မသွားဘဲ နည်းအမျိုးမျိုးဖြင့် နေ့စဉ်ရက်ဆက် တိုက်ပွဲဝင်လျက် ရှိပါတယ်။
You may also like these stories:
စမတ်ဖုန်း လောကကို ကျောခိုင်းတော့မယ့် LG
တရုတ်အစိုးရက Alibaba ကို ကန်ဒေါ်လာ ၂.၇၈ ဘီလီယံ အမြင့်ဆုံး ဒဏ်ကြေးချမှတ်
ဗြိတိန်ဘုရင်မကြီး၏ ကြင်ယာတော် ဖိလစ် မင်းသားကြီး ကွယ်လွန်