အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ နောက်ဆုံး ဈာပန အခမ်းအနားကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ရေဝေးသုသာန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ၁၉၆၄ ခုနှစ် သခင်ကိုယ်တော်မှိုင်းဈာပန၊ ၁၉၈၈ ခုနှစ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် ဈာပန ပြီးလျှင် အစည်ကားဆုံးသော ဈာပန တခုဟု နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုကြသည်။
နေ့လယ် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့သော ဦးဝင်းတင်၏ ဈာပန အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအဝင် NLD ခေါင်းဆောင်များ နှင့် ပါတီဝင်များ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ သတင်းမီဒီယာ အသိုင်းအဝိုင်း၊ ပြည်သူများ အပါအဝင် ထောင်သောင်းချီသော ပြည်သူလူထုက လိုက်ပါပို့ဆောင်ခဲ့ကြသည်။
ထူးခြားချက်မှာ ဦးဝင်းတင်ဈာပနတွင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေပါသည်ဆိုသော အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့၏ အသိုင်းအဝိုင်းက လုံး၀ တက်ရောက်ခြင်း မရှိကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။