လူတဦး၏ သန့်ရှင်းသပ်ရပ်မှုကို ဝတ်စားဆင်ယင်ပုံနှင့် နေထိုင်ပုံကို ကြည့်ခြင်းဖြင့် သိနိုင်သကဲ့သို့ နိုင်ငံတနိုင်ငံ၏ သန့်ရှင်းသပ်ရပ်မှုကို ယင်းနိုင်ငံမှ ပြည်သူများ၏ ပြုမူနေထိုင်ပုံကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ နိုင်ငံတနိုင်ငံ၏ ဂုဏ်သိက္ခာသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ စည်းကမ်းရှိမှုပေါ်တွင် မူတည်နေပြီး အစိုးရက မည်မျှ မိမိနိုင်ငံသူ နိုင်ငံသားတို့၏ စည်းကမ်းဂုဏ်သိက္ခာရှိသော ပြည်သူများဖြစ်ရန် ပံ့ပိုးကူညီသနည်းဆိုသော အချက်ကလည်း အရေးကြီးလှသည်။ အမှိုက်မြို့တော်ဟု ခေါ်ဝေါ်သတ်မှတ်မှုများ ရှိနေသော ရန်ကုန်မြို့တော်တွင် နေ့စဉ် လမ်းမများပေါ်မှစပြီး တိုက်ကြိုတိုက်ကြားအထိ အမှိုက်များစွာ စုပုံနေသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အမှိုက်များ နေ့စဉ် ရှင်းလင်းနေသော်လည်း ဝန်ထမ်းအရေအတွက်နှင့် အမှိုက်ပစ်သူ အရေအတွက် မမျှတသည့် အခြေအနေမျိုး ကြုံတွေ့နေရသည်။ ရန်ကုန်မြို့၏ လမ်းမများပေါ်နှင့် ရပ်ကွက်များတွင် နေ့စဉ် တန်ချိန်မြောက်မြားလှစွာသော အမှိုက်ပေါင်းများစွာကို သိမ်းဆည်းရှင်းလင်းနေကြရသော မြို့တော်စည်ပင်သာယာရေး ဝန်ထမ်းတို့၏ လုပ်ငန်းခွင်ကို ဓာတ်ပုံမှတ်တမ်းအဖြစ် ဖော်ပြလိုက်ပါသည်။
(The Irrawaddy Weekly Journal, Vol.1, No.24 တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)