ပဒုမ္မာ ကြာပန်းများသည် များသောအားဖြင့် သန့်စင်သောရေတွင် ရှင်သန်လေ့ရှိပြီး အင်းလေးကန်တွင်လည်း ယင်း ပဒုမ္မာကြာများ ရှင်သန် ပေါက်ရောက်ကြပါသည်။ ပဒုမ္မာကြာမှတဆင့် အဝတ်အထည် ရက်လုပ်သည့် ချည်ကို ထုတ်ယူရရှိနိုင်ပြီး ကြာသင်္ကန်း ရက်လုပ်ကပ်လှူသည့် ဓလေ့လည်း မြန်မာနိုင်ငံတွင် ဆက်လက် ထွန်းကားဆဲ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ချည်ထည်ရက်လုပ်သည့် လုပ်ငန်းများ တဖြည်းဖြည်း တိမ်ကောစ ပြုလာနေပြီဖြစ်သော်လည်း အင်းလေးတွင် ပဒုမ္မာကြာဖြင့် လူသုံးအဝတ်အထည်များ ရက်လုပ်သည့်လုပ်ငန်းများ ရှိနေဆဲဖြစ်သည်။ ပဒုမ္မာကြာဖြင့် ရက်လုပ်သော လည်စည်းတခုစီကို ကြာပွင့်ညှာတံ ၃၀၀၀ ကျော်အတွင်း အသုံးပြုရပါသည်။ အထည်ရက်လုပ်ရန် ချည်၊ တွယ်အပ်၊ ရက်ကန်းစင်တို့ကို ပြင်ဆင်ရပြီး ၂ ပတ်ကျော်ကြာအောင် ရက်လုပ်ရပါသည်။ ကြာဖြင့် ရက်လုပ်ထားသော အထည်များသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး အမျိုးအစားထဲ ပါဝင်သည်ဟု သိရပါသည်။ အင်းလေးဒေသတွင် ပဒုမ္မာကြာဖြင့် ရက်လုပ်သည့် အထည်များအကြောင်း ခေတ်စမ်းယဉ် လက်မှုရက်ထည်လုပ်ငန်းတွင် ဧရာဝတီက သွားရောက် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးထားပါသည်။