တနိုင်ငံလုံး အုံကြွခဲ့သည့် ၈ လေးလုံးအရေးတော်ပုံသည် ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့တွင် ၂၇ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ ထိုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူအချို့သည် ယခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ရန်ကုန် မြို့တွင် ပြန်လည် စုဝေးခဲ့ကြသည်။ သူတို့သည် ၈ လေးလုံး ၂၇ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပရန် စုဝေးခဲ့ကြပြီး အရေးတော်ပုံအမှတ်တရ ယာယီသမိုင်းပြတိုက်တခုကို ဖွင့်လှစ်ခဲ့ကြသည်။
ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းတွင် ဖွင့်လှစ်ထားသော ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံး၏ နှစ်ထပ် ခန်းမတွင် သြဂုတ် ၈ ရက်နေ့မှ သီတင်း ၆ ပတ်အကြာ စက်တင်ဘာ ၁၈ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းသည့် နေ့အထိ မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများကို ပြသထားပါသည်။ ပြတိုက် ရည်ရွယ်ချက်မှာ သမိုင်းကို မှတ်တမ်းတင်ရန်နှင့် မျိုးဆက်သစ်များအား တိုင်းပြည်သမိုင်း၏ အရေးပါသည့် အဖြစ် အပျက်များကို သိရှိနိုင်ရန် နေရာတနေရာ ဖန်တီးပေးခြင်း ဖြစ်ကြောင်း ပြတိုက်တာဝန်ခံ ဦးအောင်မော်က ပြောသည်။
“အခုအချိန်မှာတော့ ယာယီပဲရှိပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ခန်းမအတွက် တရားဝင်နေရာရဖို့အတွက် ကြိုးစားနေပါတယ်။ အထူးသဖြင့် လူငယ်တွေကို မြန်မာနိုင်ငံရဲ့ သမိုင်းအစစ်အမှန်ကို ပြသဖို့ အတွက်ပါ” ဟု ဦးအောင်မော်က ပြောသည်။
ပြတိုက်ဖွင့်ပွဲနေ့တွင် ဧရာဝတီဓာတ်ပုံသတင်းထောက် ဂျေပိုင်က မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။
မှော်ဘီမှ ဂျပန်ဘုရား
အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုးတဦး လာရောက်ပြီး ရှေးဟောင်း ရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်း သွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူး ပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော် နေကြပါတယ်