view

တောင်ဇလပ်မြေက မရဏလမ်း

ပြေကျော်အောင် ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေမှုဟာ ချင်းပြည်နယ်ရဲ့ စီးပွားရေးကို အထောက်အကူ ပြုပါ့မလားဆိုတာ ချင်းတောင်တန်းတွေ ပေါ်ကို တက်နေရင်းတွေးမိပါတယ်။ ကလေးမြို့ကနေ ချင်းပြည်နယ်ရဲ့ တီးတိန်မြို့ကို သွားတဲ့လမ်းဟာ မိုးတွင်းဆို ခရီးသွားတွေအတွက် အတော်ကို စိုးရိမ်စရာကောင်းနေပါတယ်။ ဒီလမ်းမကြီးဟာ ချင်းပြည်နယ်အတွင်း သွားလာနိုင်မယ့် အဓိက လမ်းဖြစ်ပါတယ်။

လမ်းခရီးတစ်လျောက် မြေပြိုမှုတွေ ကားလမ်းချော်မှုတွေဟာ ချင်းပြည်နယ်မှာ ပြုလုပ်မဲ့ ခရီးသွားလုပ်ငန်းတွေ အတွက် အခက်ကြုံနိုင်ပါတယ်။ ကလေးမြို့နဲ့ တီးတိန်မြို့ဟာ မိုင်ပေါင်း ၅၇ မိုင် ကျော်ကျော် သာရှိပေမဲ့ ခရီးကြာမြင့်ချိန်ဟာ မိုးရာသီမှာဆို တွက်ဆလို မရနိုင်အောင်ကို ဖြစ်နေပါတယ်။

လမ်းခရီး တစ်လျောက် တိမ်တွေ ဖုံးအုပ်နေတဲ့ တောင်တန်းတွေကို ကြည့်ရတဲ့မြင်ကွင်းဟာ ကြည်နှုးဖို့ကောင်းသလို မိုးရွာသွန်းမှုကြောင့် တောင်ကမ်းပါးယံပေါ်က ပြိုကျလာတဲ့ခဲတွေကို မြင်ရတာကလည်း ထိတ်လန့်စရာပါ။ ကုန်တင် ကားတွေ၊ အိမ်စီးကားတွေ၊ ခရီးသည်တင်ကားတွေနဲ့ ဆိုင်ကယ်တွေက ဒီလမ်းမကြီး တစ်ခုတည်းကိုပဲ အားထားပြီး သွားနေရတာဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်က အင်္ဂလိပ်နဲ့ ဂျပန်တို့ စစ်ဖြစ်ခဲ့တဲ့ ကနေဒီ တောင်တန်းကို စတက်တာနဲ့ ကားလမ်းမကြီးဟာ တိမ်တွေ ပေါ်ကို ရောက်မှန်းမသိရောက်လာပါတယ်။ လမ်းဘေး က ဆိုင်းဘုတ်တစ်ခု ကြည့်မိတော့ အမြင့်ပေ ၈၀၀၀ ကျော်နေပြီ ဆိုတာကို သတိထားလိုက်မိတယ်။

အချို့နေရာတွေမှာ မြေပြိုမှု ဖြစ်တဲ့အတွက် မြေကြီးတူး စက်တွေနဲ့ လမ်းတွေကို အရေးပေါ် ပြန်ဖောက်ပေးနေတာကို တွေ့ရပါတယ်။ သိုင်းငင်းနဲ့ တီးတိန်ဟာ ၂၅ မိုင်ပဲ ဝေးတဲ့ခရီးပါ။ ဒါပေမဲ့ ကျတော်တို့ ၂ နာရီကျော် ကြာအောင် မောင်းခဲ့ ရပါတယ်။ တီးတိန်ကို မရောက်ခင် ၁၅ မိုင်လောက် အရောက်မှာ တိမ်တွေကြားက ရွာတွေကို ပန်းချီကားချပ် အလားမြင်တွေရမှာပါ။ ဒီလိုနဲ့ကြမ်းတမ်းတဲ့ လမ်းခရီးတွေကို ကျော်ဖြတ်ပြီး တီးတိန်မြို့ကို ရောက်ခဲ့ပါတယ်။

တီးတိန်ကနေ ရိဒ်ရေကန် ဟာ ၃၃ မိုင်ပဲ ဝေးပါတယ်။ လမ်းခရီးဟာ တောင်ဆင်းဖြစ်တာကြောင့် အနည်းငယ် မြန်တယ်လို့ဆိုရပါမယ်။ ၁၅ မိုင်လောက် အရောက်မှာ ကုန်တင်ကားတစ်ချို့ရပ်နေတာကို တွေ့ရပါတယ်။ အဲဒီ့မှာ ကုန်တင်ကား တစ်စီး မှောက်နေပါတယ်။ နောက်ထပ် ငါးမိုင်လောက် အရောက်မှာ ကုန်တင်ကားတွေ ထပ်ပြီးတန်းစီနေ ပြန်ပါတယ်။ စုံစမ်းကြည့်တော့ ကားတစ်စီး လမ်းကို ပိတ်ပြီးနစ်နေတာတဲ့။

မိုးရွာထားလို့ ရွံ့ဗွက်တွေလည်း တော်တော့်ကို ထူထပ်နေပါတယ်။ နစ်နေတဲ့ကားကို နောက်ထပ် ကားတစ်စီးက သံကြိုးနဲ့ ချည်ပြီးနောက်ကနေ ဆွဲ နစ်နေတဲ့ကားက ဘက်ပြန်ဆုတ်နဲ့ အဲနေရာမှာတင် အချိန် ၃-၄ နာရီလောက် ကုန်သွားပါတယ်။

နောက်ဆုံး ကံကောင်းတယ် ပြောရမယ်။ နစ်နေတဲ့ကားဟာ ကားတစ်စီး ရှောင်လို့ရအောင် နောက်ကို ဆုတ်လိုက် နိုင်တယ်။ ကျတော်တို့နဲ့အတူူ လမ်းပိတ်နေတဲ့ ကုန်ကားတွေဟာ အစီး ၃၀ နီးပါးရှိပါတယ်။ ကုန်ကားတွေ အတွက် ဒီလမ်းဟာလည်း အိန္ဒိယ-မြန်မာ နယ်စပ် အတွက် တစ်ခုတည်း သောလမ်းပါ။

ရိဒ်ကိုရောက်ဖို့ ၁ မိုင်လောက် အလိုမှာ နောက်ထပ် ပြသနာ တခု ရင်ဆိုင်ရပြန်ပါတယ်။ ကားနှစ်စီးရှောင်လို့မရတဲ့ တံတားပေါ်မှာ ကုန်ကားကြီး တစီး တံတားကို ဝင်တိုက်ပီး ပိတ်နေပါတယ်။ နောက်ဆုံးတော့ အဲဒီကားရပ်ထားတဲ့နေရာမှာဘဲ ဆိုင်ကယ် ကယ်ရီတွေ ထပ်ငှားပြီး ရိဒ်ရေကန် ဆီကို အရောက်သွားပါတော့တယ်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့ ရိဒ်ခေါရ်ဒါ မြို့ပြန်ရောက်တော့ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ် ရေးတံတားကို ဆက်သွားခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံ မိဇိုရမ် ပြည်နယ်နဲ့ မြန်မာနိုင်ငံ ရိဒ်ခေါရ်ဒါ မြို့ဟာ တံတားလေး သာ ခြားပြီး လမ်းပန်း ဆက်သွယ်ရေးနဲ့ လျပ်စစ်မီးဟာ သိသိသာသာကို ကွာဟ လှတာကိုတွေ့မြင်ခဲ့ရပါတယ်။

မှောင်ရီတန်း အချိန်မှာ ပိုလို့သိသာလာပါတယ် ။ အိန္ဒိယဖက်ကမ်းက လျပ်စစ်မီးတွေနဲ့ ထိန်ထိန်လင်းနေပေမယ့် ကျနော်တို့နိုင်ငံဘက်အခြမ်းက ရိဒ်ခေါရ်ဒါ မြို့လေးကတော့ မှိတ်တုတ် မှိတ်တုတ် မီးရောင်လေးရဲ့အောက်မှာ မျက်နှာငယ်နေရရှာပါတယ်။

ချင်းပြည်နယ်ဟာ အဆင်းရဲဆုံးပြည်နယ် ဖြစ်နေတာက ဒီလောက်ဆိုးရွားလှတဲ့ လမ်းပမ်းဆက်သွယ်ရေးကြောင့် ဖြစ်နေမလား။ အစိုးရအဆက်ဆက်ကရော ဘာကြောင့် ဒီလမ်းတွေကို ဒီအတိုင်းပစ်ထားရသလဲ ပြုပြင်တယ်ဆိုရင်လည်း ဘာကြောင့် သူများနိုင်ငံတွေလို ရေရှည် ခိုင်ခန့်အောင် မပြုပြင်သလဲဆိုပြီး မညီညာတဲ့ လမ်းတွေပေါ်မှာ မောင်းနေတဲ့ ကားပေါ်ထိုင်းရင်း ကိုယ့်အတွေးနဲ့ကို တွေးမိနေပါတယ်။

လှပတဲ့နေရာတွေ ရှိရုံနဲ့ ငွေရှာလို့မရဘူးဆိုတာကို ဒီခရီးစဉ်မှာ သတိထားမိပါတယ်။ ချင်းပြည်နယ်ဟာ ရဲရင့်တဲ့ တောင်ဇလပ်ပန်းတွေ ပွင့်တဲ့နေရာ၊ တိမ်တွေကို ကျော်လွှန်နေတဲ့ တောင်ထွဋ်ဖျားတွေ ပေါများလှတဲ့ လှပတဲ့ ပြည်နယ်တခုပါ။

ဒါပေမယ့် စိတ်ပျက်စရာ ကောင်းတဲ့ လမ်းတွေ ကတော့ ဧည့်သည်တွေကို စိတ်ပျက်စေမှာ အမှန်ပါ။ ဧည့်သည်ကို ခေါ်ဖို့ပြင်နေတဲ့ အိမ်ဟာ အိမ်ကိုလာတဲ့ လမ်းတွေ သာနေစေချင်ပါတယ်။ သာယာဖို့လည်းလိုပါတယ်။ ဒီတော့ ကျနော်တို့နိုင်ငံရဲ့အိမ်လေးတစ်လုံးကို သန့်ရှင်းသပ်ရပ်အောင် ပြုပြင်ပြီးမှသာ ဧည့်သည်ကို ဧည့်ကြိုစေချင်ပါတယ်။

မြန်မာ စကားပုံ တခု က ကျနော်အတွေးထဲ ဝင်လာပါတယ်။ “အိမ်သာမှ ဧည့်လာမယ်တဲ့” ဒါကြောင့် တောင်ဇလပ်မြေ က အိမ်ကလေးသာယာဖို့ မရဏလမ်းကြီး အမြန်ဆုံး ကောင်းစေချင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.