ပြေကျော် / ဧရာဝတီ
view

ရှောင်စောန်းရွာက မင်္ဂလာဆောင်

ပြေကျော် ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရှောင်စောန်းကျေးရွာဆိုတာ ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်ကနေ မော်တော်ကား (သို့) ဆိုင်ကယ် နဲ့ သွားလို့ရတဲ့ ၃ မိုင်လောက် အကွာအဝေးမှာ ရှိနေတဲ့ ကျေးရွာလေးတရွာပါ။

ရှောင်စောန်းကျေးရွာဟာ ပင်လယ်ပြင် အမြင့်ပေထက် ၅,၂၅၅ ပေမှာ တည်ရှိတာကြောင့် ချမ်းအေးလှပတဲ့ ကျေးရွာလေး တရွာပဲ ဖြစ်ပါတယ်။ ရွာမှာ အိမ်ခြေပေါင်း ၉၁ အိမ်နဲ့ နေထိုင်သူလူဦးရေ ၃၃၁ ယောက် သာရှိပြီး ကျေးရွားသားအားလုံးဟာ ရှောင်စောန်း ပါရှန်းဆရာတော်ကိုသာ ကိုးကွယ်ကြသူများ ဖြစ်ကြပါတယ်။

ရွာသူရွာသားအားလုံးဟာ ပါရှန်းဆရာတော်ရဲ့ တရားတော်အဆုံးအမနဲ့အညီ နေထိုင်ကြသူများဖြစ်ပြီး၊ ကျေးရွာကိုလည်း ဆရာတော်ရဲ့အဆိုအမိန့်တွေအတိုင်း ပုံဖော်တည်ဆောက်ထားတာပဲ ဖြစ်တယ်။ ရွာရဲ့ထူးခြားချက်တခုက ရှောင်စောန်းပါရှန်းဆရာတော်ရဲ့အဆုံးအမနဲ့အညီ ကျေးရွာသားအားလုံးဟာ ဆေးလိမ်၊ အရက်၊ မူးယစ်ဆေးနဲ့ ကွမ်း အစရှိတာတွေကို မသုံးစွဲကြပါဘူး။

ကျေးရွာသားတွေရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေက တောင်ယာစိုက်ပျိုးရေး၊ မွေးမြုရေး၊ ယက်ကန်းနဲ့ လက်မှုပညာတွေကို အဓိကလုပ်ကိုင်ပြီး ရှင်သန်ရပ်တည် နေထိုင်ကြပါတယ်။  ပါရှန်းဘာသာဝင်တွေဟာ အခြားနေရပ်တွေမှာလည်း နေထိုင်ကြသူများရှိတယ်လို့ သိရပါတယ်။

ရှောင်စောန်းကျေးရွာကို ရောက်ရှိချိန်မှာ တိုက်ဆိုင်စွာနဲ့ ရွာသူကြီးရဲ့စီမံမှုနဲ့ လက်ထပ်ကြရတဲ့ စုံတွဲတတွဲရဲ့ မင်္ဂလာဆောင် အခမ်းအနားကို ဓာတ်ပုံရိုက်ကူးခွင့် ရခဲ့ပါတယ်။

မင်္ဂလာဆောင်ရဲ့ ထူးခြားမှုတခုက ကျေးရွာသားတွေရဲ့ အိမ်ထောင်ဖက်ကို ကျေးရွာလူကြီးက ရွေးချယ်ပေးတာပဲ ဖြစ်ပါတယ်။ ရွာလူကြီးရဲ့ ရွေးချယ်ပေးစားမှုကို ခံယူကြသူတွေဟာ ယခင်က တယောက်ကိုတယောက် ချစ်ခင်နှစ်ကြိုက်ဘူးခြင်း တွေ့မြင်ဘူးခြင်း မရှိကြဘဲ မင်္ဂလာဆောင်တဲ့နေ့ရောက်မှသာ တွေ့ဆုံကြရတာပဲ ဖြစ်ပါတယ်။နှစ်ဘက်လူကြီးတွေလည်း တဦးကိုတဦး မသိကြဘူးလို့ ဆိုပါတယ်။

ရွာလူကြီးက ဒီလိုဘာသာတူစုံတွဲတွေကို လက်ထပ်ပေးစားနိုင်ဖို့ စီမံပေးစားချင်တဲ့ စုံတွဲကို ၃ နှစ်လောက် အကဲဖြတ် စောင့်ကြည့်ပြီးမှ ပေးစားတယ်လို့ သိရပါတယ်။ ဒီလို ရွာလူကြီးရဲ့ စီမံမှုကို လက်ခံပြီး လက်ထပ်ကြတဲ့ စုံတွဲတွေဟာ နေထိုင်စရာအတွက်လည်း ပူပင်စရာ မရှိပါဘူး။

ဒီလိုစုံတွဲဟာ ရွာထဲမှာ မင်္ဂလာပွဲအခမ်းအနား အကြီးအကျယ် လုပ်ဆောင်ခွင့်ရကြပြီး သူတို့အတွက် နေစရာနေအိမ်နဲ စိုက်ပျိုးမြေ ပိုင်ဆိုင်ခွင့်တွေကို ရွာလူကြီးရဲ့ ညွှန်ကြားမှုနဲ့ ရှောင်စောန်းကျေးရွာသားတွေက ထောက်ပံပေးကြလို့ပဲ ဖြစ်ပါတယ်။

အခုလို မှတ်တမ်းယူ ဓာတ်ပုံရိုက်ကူးခွင့်ရတဲ့ မင်္ဂလာစုံတွဲမှာ အမျိုးသားဖြစ်သူက အသက် ၄၀ အရွယ်နီးပါး ပါရှန်းဘာသာဝင် ချင်းလူမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံမှာ နေထိုင်သူ ဖြစ်ပါတယ်။ အမျိုးသမီးဖြစ်သူက ဆယ်ကျော်သက်အရွယ် ရှောင်စောန်းကျေးရွာသူ ဖြစ်ပါတယ်။

အမျိုးသားဟာ ရွာလူကြီးအစီအမံနဲ့ မင်္ဂဆောင်ဖို့ ရွာကိုပြန်လာတာဖြစ်ပြီး မင်္ဂလာပွဲပြီးရင်တော့ အမေရိကန်ကို ပြန်သွားမယ်လို့ သိရပါတယ်။ အမျိုးသမီးလေးကတော့ ရွာမှာပဲကျန်ခဲ့ပြီး အချိန်ကြာစောင့်ဆိုင်းပြီးမှ အမျိုးသားရှိရာ အမေရိကန်ကို လိုက်သွားမယ်လို့ ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.