“ရှေ့ရေးကို ကျမကတော့ မိသားစုနဲ့ လုံးလုံး စည်းစည်း နေရပါစေ၊ ဒီကပ်ရောဂါကြီး အမြန်ဆုံး ကင်းစင်သွားပါစေလို့ပဲ ဆုတောင်းပါတယ်” လို့ နွမ်းရော်နေတဲ့ အဖြူရောင်အင်္ကျီနဲ့ အစိမ်းရောင် ထဘီကို ဝတ်ဆင်ထားတဲ့ မစန်းတင့် က ခင်ပွန်းဖြစ်သူ ကောက်လာတဲ့ ပလက်စတစ်ဗူးခွံတွေ၊ ပုလင်းခွံတွေကို ရွေးနေရင်းက ရှင်းပြပါတယ်။
အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ မစန်းတင့် ဟာ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် တသိန်းရွာဇာတိဖြစ်ပြီး သူမ အခုရှိနေတာက ထိုင်းနိုင်ငံမယ်ဆိုင်မြို့ပေါ်က ရွှေ့ပြောင်းလုပ်သားတွေ စုပေါင်းနေထိုင်ကြတဲ့ ခြံဝန်းကြီး တခုထဲမှာပါ။
ဒီခြံဝန်းကြီးထဲက ရှစ်ပေ၊ ဆယ့်ငါးပေးသာကျယ်တဲ့ အခန်းကျဉ်းလေးတွေမှာ ဘဝတူ မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သား မိသားစု ၃၀ ကျော်နေထိုင်ကြပြီး မစန်းတင့်တို့ မိသားစုကတော့ ကီလိုကောက်တယ်လို့ ခေါ်တဲ့ လူအများ စွန့်ပစ်ထားတဲ့ မြို့ပေါ် အမှိုက်ပုံတွေထဲက ဗူးခွံ၊ ပုလင်းခွံတွေကို ကောင်းနိုးရာရာရွေးပြီး ကီလိုချိန်နဲ့ ပြန်ရောင်းတဲ့ အလုပ်ပါ။
ဒီအခန်းကျဉ်းလေးတွေကို တလ ဘတ် ၁၅၀၀ (ကျပ် ၆ သောင်းဝန်းကျင်) ပေးပြီး ငှားရမ်းနေထိုင်ကြတာဖြစ်ပါတယ်။ မစန်းတင့်တို့ အခန်းကတော့ စွန့်ပစ်ပစ္စည်းတွေထဲက ကောင်းနိုးရာရာရွေးထုတ်ထားတဲ့ မွေ့ယာတွေ၊ ရေခဲသေတ္တာ အဟောင်းတွေ၊ ကီလိုချိန်နဲ့ ရောင်းစားလို့ရတဲ့ ဝါယာကြိုးဟောင်းတွေနဲ့ ပစ္စည်းဟောင်းတွေ ခြေချစရာ မလပ်အောင် ပါပဲ။
နေရပ်ရင်းဒေသတွမှာ အလုပ်အကိုင်၊ ဝင်ငွေ အခွင့်အလမ်း နည်းပါးလို့ ထိုင်းမြေပေါ်မှာ ကျောတခင်းစာ နေရာငှားပြီး ငွေရှာနေကြတာဖြစ်ပါတယ်။ အခုတော့ သူတို့အားလုံးလည်း ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုဒဏ်ကို ခံရပြီး အလုပ် အကိုင်နဲ့ ဝင်ငွေ ကြပ်တည်းမှုကို ရင်ဆိုင်နေကြရပါတယ်။
ကိုဗစ်ကပ်ရောဂါ ဂယက်ဟာ တကမ္ဘာလုံး ခံစားနေရသလို ထိုင်းနိုင်ငံရဲ့ လုပ်ငန်းတော်တော်များများလည်း ထိခိုက်ခဲ့တာကြောင့် ထိုင်းလုပ်ငန်းရှင်တွေကို မှီခိုလုပ်ကိုင်နေကြရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေလည်း အကြပ် အတည်းကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
တခြား စားသောက်ဆိုင်၊ ကုန်စုံဆိုင်နဲ့ ကုန်တင်၊ ကုန်ချ လုပ်ငန်းမျိုး တင်မကဘဲ စွန့်ပစ်အမှိုက်ပုံတွေက ဗူးခွံ၊ ပုလင်းခွံတွေကို ကောက်ရောင်းတဲ့ မစန်းတင့်တို့ရဲ့ လုပ်ငန်းတောင် ကိုဗစ် ရိုက်ခတ်မှုက သိသိသာသာ ခံစားနေရတာ တွေ့ရပါတယ်။
“ကျမတို့ ရောင်းတဲ့ ပစ္စည်းတွေ အကုန် ဈေးကျတယ်။ အရင်က တကီလို ၆ ဘတ်လောက် ရှိတာတွေက အခု ၃ ဘတ်လောက်ပဲရတော့တယ်။ ကိုဗစ်ဖြစ်မှ ရွာကိုတောင် ငွေပြန်မပို့နိုင်တော့ဘူး။ အိမ်ငှားခနဲ့ စားဖို့ သောက်ဖို့ လောက်ပဲ ရတော့တယ်” လို့ မစန်းတင့် က ဆိုပါတယ်။
အဆိုးတွေထဲက အကောင်း ဆိုသလို သူတို့အတွက် ကံကောင်းတဲ့ နေ့ရက်တွေ မိသားစု ဝမ်းသာရတဲ့ နေ့တွေလည်း ရှိပါသေးတယ်တဲ့၊ အဲဒါကတော့ အခုလို အခက်အခဲဖြစ်တဲ့ အချိန် ဆန်၊ ဆီ၊ ဆားဝေတဲ့သူတွေရှိတဲ့နေ့တွေနဲ့ အမှိုက်လိုက်ကောက်ရင်း စက်ဘီးဟောင်း၊ ဆိုင်ကယ်ဟောင်းလေးတွေ ပေးသူရှိတဲ့နေ့တွေလို့ ဆိုပါတယ်။
“ပေးတဲ့လူလည်းပေးပါတယ်။ စက်ဘီးလေးပေးလိုက်တော့လည်း ကိုယ်က စီးရတယ်။ မပြည့်စုံတဲ့လူဆိုတော့ အဲလိုမျိုးပေါ့။ ဆိုင်ကယ်က တခါ ပျက်နေပြန်လို့ ဆိုင်ကယ်ပေးလိုက်တဲ့လူရှိတော့လည်း ကိုယ့်မှာ ဝမ်းသာတာပေါ့။ အဲလိုပေးသူ ကမ်းသူရှိတော့” လို့ မစန်းတင့် က ပြောပါတယ်။
ခင်ပွန်းဖြစ်သူ ကိုဆန်းလင်း ကတော့ မန္တလေးတိုင်း မလှိုင်မြို့နယ် ခြောက်ခွဲရွာ ဇာတိပါ။ သူတို့ ဇနီးမောင်နှံ ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်ကိုရောက်ရှိနေတာ ၁၇ နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ သူတို့မှာ သားသမီး ၅ ဦးရှိပါတယ်။
အိမ်ထောင်ကျသွားပြီဖြစ်တဲ့ အသက် ၂၀ ကျော် သမီးကြီး၊ ၁၇ နှစ်အရွယ် သားတဦးနဲ့ ၉ လ အရွယ် အငယ်ဆုံး သမီးလေးကတော့ သူတို့နဲ့ အတူတူ ထိုင်းမြေပေါ်မှာရှိနေပေမယ့် ၁၅ နှစ် အရွယ် သမီးတယောက်နဲ့ ၉ နှစ်အရွယ် သားတယောက်ကတော့ မစန်းတင့်ရဲ့ ရွာမှာ အဖိုးအဖွားတွေနဲ့ အတူ ကျန်ရစ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်းက ကူးစက်မှုတွေ တရက် တထောင်ကျော်ရှိနေပြီး သေဆုံးသူလည်း နေ့စဉ် ဆယ်ဂဏန်းဖြစ်နေပါတယ်။ မြန်မာပြည်က ကိုဗစ်ကူးစက်မှု ထိန်းချုပ်မှုသတင်းတွေကို သူတို့ နေ့စဉ် နားစွင့်နေကြပါတယ်။ သူတို့ရဲ့ စိုးရိမ်မှုက ရွာမှာ ကျန်ခဲ့တဲ့ ကလေး ၂ ယောက်နဲ့ မိသားစုဝင်တွေ ဖြစ်ပါတယ်။
ထိုင်းအစိုးရကတော့ ကိုဗစ် ပထမလှိုင်းမှာ စနစ်တကျ ထိန်းချုပ်နိုင်ခဲ့တဲ့ အတွက်ကြောင့် နိုင်ငံအတွင်း လုပ်ငန်းတချို့ ပြန်စနိုင်သလို ကျန်းမာရေး အရ လမ်းပန်းဆက်သွယ်ရေး၊ ဆေးရုံ ဆေးခန်းလည်း အခက်အခဲမရှိတာကြောင့် ပူပန်ရမှုတွေ နည်းပါတယ်။
မစန်းတင့်ကတော့ သူရဲ့ ဇာတိရွာဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ ဆေးရုံ ဆေးခန်း ခက်ခဲတာကြောင့် ကပ်ရောဂါ ရွာဘက်ရောက်သွားမှာကိုလည်း နေ့စဉ် ပူပန်နေပါတယ်။ မြန်မာပြည်က ကူးစက်မှုနှုန်း တက်နေတဲ့ သတင်းတွေ ကတော့ သူတို့ အတွက် မွန်းကြပ်စရာ သတင်းဆိုးတွေပါပဲ။
“ကျမတို့ မြန်မာပြည်က နှိမ်တာမဟုတ်ဘူး။ ကျမတို့ ရွာဆို တောဘက်ကျတယ်။ တောဘက်ဆိုတော့ ဆေးရုံ ဆေးခန်းတွေလည်း အဝေးကြီးလေ အဆင့်ဆင့် သွားရတာ၊ ဆိုင်ကယ်ရှိမှ ဆိုင်ကယ်မရှိလဲ ကားသွားတော့ လမ်းက သိပ်မပေါက်တော့ မလွယ်ဘူးလေ။ အဲတော့ ပူရတာပေါ့။ ဘာလို့လဲဆိုတော့ ဒီရောဂါကြီးကြောင့် ကလေးတွေနဲ့ မိသားစုနဲ့ ဆုံမှ ဆုံဖြစ်ပါ့တော့မလားနဲ့ ဒါပဲတွေးပူနေရတာ” လို့ မစန်းတင့် က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်း ပြင်းထန်လာတဲ့ တချိန်တည်းမှာဘဲ ထိုင်းအာဏာပိုင်တွေက နယ်စပ်အဝင်အထွက် ထွက်ပေါက်တွေကို ပိတ်လိုက်ပြီး လုံခြုံရေး တင်းကြပ်လိုက်ပါတယ်။ ဒါကြောင့် မြန်မာပြည်ဘက်က ကူးစက်မှု အရှိတွေ လျော့ကျသွားစေဖို့ပဲ ဆုတောင်းနေရကြောင်း ခင်ပွန်းဖြစ်သူ ကိုဆန်းလင်းကလည်း ဆိုပါတယ်။
“ကိုယ့်ရွာကိုယ့်ဒေသကို ပြန်မရတဲ့ အခြေအနေကတော့ ခက်ခဲတာပေါ့။ ရွာမှာ မိဘ၊ ဆွေမျိုးတွေများ သေဆုံးခဲ့ရင် ချက်ချင်း ပြန်သွားလို့မရဘူးလေ။ အဲတော့ ဒီမှာဘဲ ဖြေသိမ့်နေရတာပေါ့။ ရွာမှာ သမီးလေးရယ်၊ သားလေးရယ် ရှိတယ်။ ပြန်တွေ့ချင်လို့လည်းတွေ့လို့မရဘူး။ ကျန်းမာရေး မကောင်းဘူးဆိုလဲ ချက်ချင်းတွေ့လို့မရတော့ဘူး။ အဲဒါ စိတ်မကောင်းတာ။ တရယ်တမ်းကျတော့ မျက်ရည်ကျတယ်” လို့ ကိုဆန်းလင်း က သူ့ခံစားချက်ကို ရှင်းပြပါတယ်။
ကိုဗစ်ကပ်ရောဂါ ဂယက်ကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေမှာ တပူပေါ် နှစ်ပူဆင့် ဆိုသလို ကပ်ရောဂါကြောင့် အလုပ်အကိုင်နဲ့ ဝင်ငွေ ကြပ်တည်းမှုတွေ ရင်ဆိုင်နေရသလို မစန်းတင့်နဲ့ ကိုဆန်းလင်းတို့လို ရွာမှာ ကျန်ခဲ့တဲ့ မိသားစု အတွက် ပူပန်နေရတဲ့ ဖြစ်စဉ်မျိုးတွေက တော်တော်များများမှာ ကြုံတွေ့နေကြရပါတယ်။
“မြန်မာပြည်က ကလေးတွေနဲ့ရော ကိုယ့်မိသားစု လုံးလုံးစည်းစည်း နေချင်တာပဲ။ ဘယ်မှာ နေရနေရပေါ့။ မိသားစုနဲ့ ဆုံမှ ဆုံပါဦးမလား ပြန်စရာ စရိတ်ကမရှိဆိုတော့ ကျမမှာ မီးတောက်ကြီး နေ့တိုင်း ရွက်ထားရသလိုပဲ … ပူတာပေါ့” လို့ ပြောရင်း ခင်ပွန်းသည် ပါလာတဲ့ ဗူးခွံတွေကို ရွေးဖို့ အတွက် ထွက်သွားပြန်ပါတယ်။