ရေဘေးဒဏ်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ နေရပ်ပြန်လာကြသည့် ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသော မြန်မာ အလုပ်သမားများ၏ဗီဇာကြေးများကို မဲဆောက်မြို့ရှိ အကျိုးဆောင်လုပ်ငန်းများနှင့် ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန(လဝက)တို့ ပူးပေါင်း၍ သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံနေသည်။

ယခင် ကောက်ခံနေသည့် တရားဝင်သတ်မှတ်ထားသော ထိုင်းနိုင်ငံတွင်း ပြန်ဝင်ခွင့်ဗီဇာကြေးမှာ ဘတ် ၁၀၀၀ ဖြစ်သော် လည်း ယခု ဘတ် ၁၃၀၀ ကောက်ခံနေသည်ဟု မြန်မာအလုပ်သမားများက ပြောဆိုကြသည်။
ယာယီနိုင်ငံကူး လက်မှတ်ဖြင့် ဘန်ကောက်တွင် အလုပ်လုပ်နေပြီး မဲဆောက်သို့ ရောက်လာသည့် ကိုညီညီက“ကျနော် တို့ အလုပ်တွေပိတ်ပြီး လုံးဝနေ မရတော့လို့ ပြန်လာတာပါ၊ ထိုင်းနဲ့မြန်မာပြည် အဝင်အထွက် စာအုပ် တုံးကို ထိုင်း လဝက ရုံးမှာ ကိုယ်တိုင်သွားထုလို့မရဘူး၊ ထိုင်း အကျိုးဆောင်လုပ်ငန်းတွေ ကနေတဆင့် လုပ်ရတယ်၊ သူတို့ဆီက တဆင့်သွားတာ မဟုတ် ရင် တနေကုန်စောင့်ရတယ်၊ တချို့ဆိုရင် အိပ်စောင့်ရတာတောင် ရှိတယ်”ဟု ပြောပြသည်။
ဘန်ကောက် ရေဘေးကြောင့် ယခုလ၂၃ ရက်နေ့မှစ၍ ထိုင်း-မြန်မာနယ်စပ် မဲဆောက် မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လာကြ သည့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ အရေအတွက်မှာ လတ်တလောတွင် နေ့စဉ် ၁၅၀၀ ခန့်ရှိပြီး ချစ်ကြည်ရေး တံတားအနီး၌ ဖွင့်လှစ်ထားသော ဗီဇာ အကျိုးဆောင် လုပ်ငန်းများမှာ ၁၀ ခု ခန့် ရှိသည်။
ယာယီ နိုင်ငံကူးလက်မှတ် ဗီဇာ အကျိုးဆောင်လုပ်ငန်းတခုမှ မြန်မာစကားပြန်က“တုံးထုခ ၁၃၀၀ ဆိုတာက နားလည်မှုပါ၊ ၃၀၀ ပိုပေးရပေမယ့် တန်းမစီရဘူး၊ အချိန်မကုန်ဘူး၊ နောက်ပြီး ကျနော်တို့ပဲ သပိတ်ဝင် အိတ်ဝင် ယူတာမဟုတ်ဘူး၊ ထိုင်း လဝက ကိုလည်း တယောက် ဘတ် ၁၀၀ နှုန်း ပေးရတယ်”ဟု ပြောသည်။
ထို ဗီဇာကြေး ကုန်ကျစရိတ်အပြင် မြန်မာ အလုပ်သမားများသည် မဲဆောက် မှတဆင့် နေရပ်ပြန်ရာတွင်လည်း လှေဖြင့် ကူး သည့် စရိတ်၊ မြဝတီ၌ တရက်ခြား ကားတန်းစောင့်သည့်အခါ ဧည့်စာရင်း၊ စားသောက် နေထိုင်စရိတ် စသည့်လမ်းခရီး အဆင့် ဆင့် ကုန်ကျစရိတ်မှာ ဘတ် ၆၀၀၀ ခန့်ရှိသည်ဟု အလုပ်သမားတဦးဖြစ်သော နန်းအေးအေးက ဆိုသည်။
“မြဝတီကနေ ဘားအံ ကိုဆင်းတော့ ကားခ တယောက်ကို ကျပ် ၁၀၀၀၀၊ လမ်းမှာလည်း အလှူခံနဲ့ အဖွဲ့အစည်းတွေက ရောင်းလို့ မဝယ်မနေရ စီဒီ တွေ၊ ပြက္ခဒိန် တွေကလည်း ရှိသေးတယ်၊ ဘန်ကောက်ပြန် ဆိုပြီး မတော်မတရားကို တောင်းကြ တာ”ဟု နန်းအေးအေးက ရှင်းပြသည်။
ယခုလဆန်းက စတင်သည့် ထိုင်းနိုင်ငံတဝန်း ရေကြီးမှုမှာ ပထုံဌာနီ၊ အယုဒ္ဓယခရိုင်နှင့် ဘန်ကောက်မြို့များတွင် ဆိုးရွားစွာဖြစ် ပေါ်ခဲ့ပြီးနောက်ပိုင်း စက်မှုဇုန်ကြီးများနှင့် အလုပ်ရုံစက်ရုံများ ရပ်ဆိုင်းသွားသောကြောင့် မြန်မာအလုပ်သမားများနေရပ် ပြန်နေ ကြခြင်း ဖြစ်သည်။
မဲဆောက်မှတဆင့် နေ့စဉ်နေရပ်ပြန်ကြသည့် မြန်မာအလုပ်သမားများထဲတွင် ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သည့် တရားဝင် အလုပ်သမား ၁၅၀၀ ခန့်ရှိပြီး မည့်သည့်အထောက်အထားမှမရှိသူ ၂၀၀၀ ခန့်ရှိသည်ဟု ဗီဇာ အကျိုးဆောင် လုပ် ငန်း များနှင့် ထိုင်း နယ်စပ် အာဏာပိုင်များက ပြောသည်။
ထိုင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာ အလုပ်သမား ၁ သန်း ခွဲ ရှိသည့်အနက် ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူ ၆ သိန်းခွဲရှိပြီး အလုပ်သမား မှတ်ပုံတင်ခြင်း မရှိသူ ၅ သိန်းခွဲခန့်ရှိသည်ဟု သိရသည်။