သမ္မတ ဦးသိန်းစိန်က ပြည်ပရောက်များ ပြန်လာနိုင်ကြောင်း ဖိတ်ခေါ်သော်လည်း ပြည်ပတွင် အခြေချနေထိုင်သူများ၊ ခိုလှုံခွင့် တောင်းခံသူများ အကြား ပြည်တော်ပြန်ရေးအစီအစဉ်မှာ ရေပန်းမစားလှဘဲ ပြန်သည့် အရေအတွက် နည်းပါးလျက် ရှိသည်။
ဤသို့ နည်းပါးနေခြင်းသည် ဦးသိန်းစိန်၏ မိန့်ခွန်းမှာ နှုတ်ပြောသက်သက်မျှသာဖြစ်နေခြင်း၊ အစိုးရအနေဖြင့် တိကျသည့် အမိန့်ဒီဂရီထုတ်ပြန်ကာ ရှင်းလင်းပွင့်လင်းပြီး စနစ်တကျလက်ခံသည့်လုပ်ငန်းစဉ်တရပ် မရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ပြည်ပရောက် မြန်မာများ က ပြောဆိုကြသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် သမ္မတ ဦးသိန်းစိန် က အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အပြစ်တစုံတရာ ကျူးလွန်မှုမရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြည်ပတွင် အခြေချနေထိုင်သူ မြန်မာပြည်သား အများစုမှာ ပြည်တွင်းနိုင်ငံရေး အခြေအနေတိုးတက်လာမှုနှင့် သမ္မတ ဦးသိန်းစိန် ၏ ပြည်တော်ပြန်ခွင့်ပြုသည့် မိန့်ခွန်းကြောင့် မွေးရပ်မြေသို့ ပြန်လာလိုစိတ်များ ဖြစ်ပေါ်သော်လည်း အပြီးအပိုင် ပြန်ရန် သို့မဟုတ် စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန်အတွက်မူ တွန့်ဆုတ်နေကြသည်။
မြန်မာနိုင်ငံသို့ ပြန်သူများတွင် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပီတာလင်းပင်၊ ဟာသ သရုပ်ဆောင် ကိုဂေါ်ဇီလာနှင့် လူရွင်တော်များဖြစ်သည့် ဇီးသီးနှင့် စိန်သီးနှင့် မင်းသမီး ချောစုမျိုး တို့ကိုသာ ပြည်တွင်းမီဒီယာများတွင် မြင်တွေ့ရသည်။
ဧရာဝတီ၏ လေ့လာချက်များအရ ပြည်ပ၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများတွင် တခြားတိုင်းပြည်၌ နိုင်ငံသား ခံယူထားကြ သူများနှင့် ခိုလှုံခွင့်လျှောက်ထားပြီး ခရီးသွားလက်မှတ်(Travel Document) ကိုင်ဆောင်ထားသူများဟု နှစ်မျိုးနှစ်စား တွေ့ရသည်။
ယခုပြည်တော်ပြန်သူ အများစုမှာ ပြည်ပနိုင်ငံသားအဖြစ် ခံယူထားသူများ ဖြစ်ပြီး မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ် သဘောမျိုးသာ သွားရောက်ကြသည်ကိုသာ တွေ့ရသည်။
ပြည်ပ၌ နှစ်ပေါင်း ၄၀ ကျော် နေထိုင်ခဲ့သည့် ဥရောပ – မြန်မာ(Euro- Burma Office)ရုံး ဦးဆောင်ညွန်ကြားရေးမှူးနှင့် ဒီမို ကရက်တစ် မြန်မာ့အသံ(DVB) သတင်းဌာန၏ အမှုဆောင် ညွန်ကြားရေးမှူးအဖြစ် ယာယီတာဝန်ယူထားသော မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စပ်ရွှေသိုက်၏ သား ဦးဟန်ညောင် ဝေသည် ပြီးခဲ့သည့်ရက်ပိုင်း က မြန်မာနိုင်ငံသို့ အလည်အပတ်သဘော သက်သက်သာ သွားရောက်ခဲ့သကဲ့သို့ သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာဟောင်း ဒေါက်တာ တင်မောင်သန်း အပါအဝင် စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး တို့သည်လည်း မြန်မာနိုင်ငံ သို့ ခေတ္တ သွားရောက်ခဲ့သေးသည်။
သို့ရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးနှင့် နီးစပ်သူများ အဆိုအရ အခြားသော နိုင်ငံများ၌ နိုင်ငံရေးခိုလှုံခွင့်တောင်းခံ ထားသည့် နိုင်ငံသား မဖြစ်သေးသူများ မြန်မာနိုင်ငံသို့ ပြန်လိုလျှင် မိမိလက်ရှိ ကိုင်ဆောင်သည့် ခရီးသွားခွင့်လက်မှတ် (Travel Document) အား သံရုံးသို့အပ်နှံရကြောင်း၊ သံရုံးမှ အသိအမှတ်ပြုသည့် စာ(Letter of Identity)ကို ပြန်လည် ထုတ်ပေးကြောင်း၊ အဆိုပါ စာရွက်ကို ကိုင်ဆောင်ပြီးမှသာ မြန်မာနိုင်ငံသို့ ပြန်ရကြောင်း သိရသည်။
ထို့အပြင် နိုင်ငံတော်အား အကြည်အညိုပျက်စေသည့် အပြုအမူ အပြောအဆိုများ ရှောင်ကျဉ်ရန်၊ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်း မှု နှင့် တရားဥပဒေ စိုးမိုးမှုကို ထိခိုက်မည့် လုပ်ဆောင်မှုပြောဆိုမှု၊ ရေးသားဖြန့်ဝေမှုများ မပြုလုပ်ရန်၊ တရားမဝင်အဖွဲ့ အစည်း အများနှင့် ဆက်သွယ်ခြင်း မပြုရန်၊ အဖျက်အမှောင့်လုပ်ရပ်များကို ရှောင်ကျဉ်ရန်၊ နိုင်ငံတော်၏ ကျေးဇူး သစ္စာကို စောင့်သိ၍ ဥပဒေ ဘောင်အတွင်း အေးချမ်းစွာနေထိုင်ရန် စသည့် ဂတိခံဝန်ချက်များကို လက်မှတ်ရေးထိုးရကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။
ဤမျှသာမကသေး နိုင်ငံရေးနှင့် မပတ်သက်ဘဲ စီးပွားရေး၊ လူမှုရေးကိစ္စ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပတွင် အခြေ ချနေထိုင်သည့် မြန်မာနိုင်ငံသား တချို့မှာလည်း သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းပါ စကားအရ ပြည်တော်ပြန်သည့် အခါတွင် ပိတ်ဆို့ ကန့်သတ်မှုများ ခံနေရကြောင်း ဧရာဝတီမှ စုံစမ်းသိရသည်။
သြစတြေးလျနိုင်ငံ၌ ၁၉၉၅ ခုနှစ်ကစတင်၍ အမြဲတမ်း နေထိုင်ခွင့်ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် နိုင်ငံသား ခံယူထားသည် ဦးဘအေးနှင့့် ဇနီး ဒေါ်သန်းသန်းညွန့် တို့သည်လည်း ကင်ဘာရာ အခြေစိုက် မြန်မာသံရုံး၏ ဗီဇာခွင့်ပြုချက်ရယူပြီး မလေးရှားလေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့က ပြန်လာရာ၊ ရန်ကုန် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဌာနက ဝင်ခွင့်မပြုဘဲ ပြန်လည်နှင်ထုတ်ခဲ့ကြောင်း သားဖြစ်သူ ဦးတင်ဦးက ဧရာဝတီသို့ ပြောသည်။
“သမ္မတကြီးက ပြန်လာခိုင်းပြီ အသက်ကြီးတော့ မြန်မာပြည်ပဲ ခေါင်းချမယ်ဆိုပြီး အဖေနဲ့ အမေက အားရဝမ်းသာပြန်လာတာ၊ အခုလိုနှင်ထုတ်ခံရတော့ ကျနော့်မိဘတွေ အရမ်းဝမ်းနည်းနေကြတယ်”ဟု ၎င်းကဆိုသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ရန်ကုန်လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး ဌာနကို မေးမြန်းစုံစမ်းသော်လည်း အကြောင်းပြချက် တစုံ တရာပေးခြင်းမရှိကြောင်း၊ မိမိတို့မှာ မြန်မာလူမျိုးများဖြစ်သည့် အတွက် မြန်မာနိုင်ငံသို့ ပြန်ရန် ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း ဦးတင်ဦးက ဆက်လက်ရှင်းပြသည်။
ယခုနှင်ထုတ်ခံရသည့် အသက် ၇၄ နှစ်ရှိပြီဖြစ်သော ဦးဘအေးသည် တပ်မတော်ရေမှ ပင်စင်စားတဦးဖြစ်ပြီး ၁၉၆၀ ခုနှစ်ခန့်က မြန်မာနိုင်ငံ ကိုယ်စားပြု အနောက်တိုင်းလက်ဝှေ့ အားကစားသမား တဦးလည်းဖြစ်သည်။ ဇနီးဖြစ်သူ ဒေါ်သန်းသန်းညွန့်မှာ လက် တွန်း လှည်းဖြင့် သွားလာနေရသည့် လူမမာ တဦး ဖြစ်သည်။
မြန်မာနိုင်ငံတွင် နေထိုင်စဉ်၂၀၀၁ ခုနှစ်က သုဝဏ္ဏအားကစားကွင်း၌ မြန်မာနှင့် သြစတြေးလျ လက်ဝှေ့သမားများ ထိုးသတ်ရန် စီစဉ်ခဲ့သူဖြစ်ပြီး အကျိုးဆောင်ဂျာနယ်နှင့် ဂမ္ဘီရ ပါဝါဂျာနယ် တို့ကို ထုတ်ဝေခဲ့သည့် လုပ်ငန်းရှင်လည်း ဖြစ်သည်။