အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ မှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စကို လာမည့် သီတင်းပတ်အတွင်း ဆုံးဖြတ်နိုင်ဖွယ်ရှိကြောင်း NLD ခေါင်းဆောင်ဦးဝင်းတင်က ပြောသည်။
“ဥပဒေက အတည်ပြုလိုက်ပြီ ဆိုပေမယ့် စီအီးစီ အဖွဲ့တွေ အစည်းအဝေးလုပ်ပြီးမှ အဖြေထွက်လာမှာပါ။ NLD မှတ်ပုံတင်ရေး ကိစ္စဟာ အရေးကြီးတဲ့ ကိစ္စဖြစ်လို့ သေချာ ဆွေးနွေးကြရဦးမှာပါ။ နောက်တပတ်အတွင်း အစည်းအဝေး အပြီးမှာ ဆုံးဖြတ်ချက်တခု ထွက်လာနိုင်ပါမှာ” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ယမန်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုပေးခဲ့သည်။ ထိုဥပဒေသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရေးဆွဲထားခြင်းကို ပြန်လည်ပြင်ဆင် ရေးဆွဲကာ လွှတ်တော် အသီးသီးမှ အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ပြင်ဆင်လိုက်သော အချက်များ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ထိန်းသိမ်းစောင့်ရှောက်ရမည် ဆိုသည့်အချက် အစား လေးစားလိုက်နာရမည် ဟူ၍ ပြင်ဆင်လိုက်သည်။
ဥပဒေ၏ အချက်တချို့ ပြင်ဆင်လိုက်ခြင်းနှင့် ပတ်သက်၍ ဦးဝင်းတင်က “ထိန်းသိမ်း စောင့်ရှောက် ရမယ် ဆိုတာ အစား လေးစားလိုက်နာရမယ် ဆိုတာက အတော်လေး သက်သာရာ ရသွားတယ်။ ဥပဒေ ဆိုတာ နိုင်ငံသားတိုင်းက လေးစား လိုက်နာရမယ့် ကိစ္စဖြစ်လို့ပါပဲ” ဟု ဆိုသည်။
ထို့အတူ အကျဉ်းကျခံဖူးသူများ နိုင်ငံရေး ပါတီတည်ထောင်နိုင်ခွင့်နှင့် လက်ရှိအကျဉ်းကျ ခံနေရသူများကိုလည်း ပါတီဝင်အဖြစ် သတ်မှတ်ပိုင်ခွင့်ရှိသော အခွင့်အရေးများ ပါဝင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။
အမျိုးသားလွှတ်တော်မှ ပြင်ဆင်ဆွေးနွေးပြီး ပေးပို့လိုက်သည့်အချက်များ ပြည့်စုံနေ၍ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးမှု ထပ်မံ မလုပ်တော့ဘဲ အတည် ပြု ပေးလိုက်ကြောင်းသိရသည်။
“NLD ကိုတော့ မှတ်ပုံတင်ပြီး ပါဝင်စေချင်ပါတယ်။ ကျနော့် ပါတီ တရားဝင်မဖြစ်ခင်က ပြောသလိုပါပဲ၊ ကျနော့် ပါတီတောင် ဖျက်ပေးမယ်လို့ ပြောပြီးပါပြီ၊ တခြားတော့ မပြောလိုတော့ပါဘူး” ဟု ဦးသိန်းညွန့်က ဆိုသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပါတီတရပ်တည်ထောင်၍ နိုင်ငံရေးဇာတ်ခုံပေါ်သို့ ဝင်ရောက်စေလိုကြောင်း၊ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေး ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အခန်း ကဏ္ဍသည် အလွန်ပင် အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါတီတခု ထောင်ပြီးတော့ နိုင်ငံရေး ကစားကွင်းအတွင်းကို ဝင်လာမယ်ဆိုရင် ပိုလှမယ်။ နိုင်ငံရေးလုပ်ကွက်ထဲ ခြေမချဘဲ ဘေးတီးနေကြရင်တော့ ဘာမှထိရောက်မှု ရှိလာမှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံဆွေးနွေးမှု နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား တချို့ လွှတ်ပေးခြင်း၊ ပါတီနိုင်ငံရေး မှတ်ပုံတင်ခြင်းနှင့် ဆိုင်သည့် ဥပဒေတချို့ ပြင်ဆင်ခြင်းများ ရှိလာကြောင်း၊ NLD ပါတီအား တရားဝင် မှတ်ပုံတင်စေလိုသည့်ဆန္ဒ အစိုးရတွင် ရှိပုံရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက “ဒေါ်အောင်ဆန်းစုကြည်သာ ပါတီထောင်ပြီး နိုင်ငံရေးလောကထဲ ဝင်ရောက်လာမယ် ဆိုရင် ဒီမိုကရေစီ အင်အားစုတွေ အင်အား ကောင်းလာမှာ၊ ကြီးထွားလာမှာ ဖြစ်လို့ ကြိုဆို နေတယ်” ဟု ဆိုသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ထွက်လာပြီး နောက်ပိုင်းကာလတွင် NLD ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးတို့နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ၌ သဘောထား အမျိုးမျိုး ထွက်ပေါ်လာသည်။
ပြည်တွင်းသဘောထားနှင့် ပတ်သက်၍ ဦးအေးသာအောင်က “တချို့ရဲ့ အမြင်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြင်စရာတွေ၊ တခြား လုပ်ဆောင်ဖို့ လိုအပ်တာတွေကို ပြုပြင် လုပ်ဆောင်ပြီးမှ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်စေချင်ကြတယ်။ တချို့ကတော့ ကြားဖြတ် ရွေးကောက်ပွဲမှာ ရသလောက် ပါဝင်ပြီး လွှတ်တော်ထဲကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အားနဲ့ လုပ်သွားချင်နေကြတယ်” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှု၊ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံနွေးမှုများသည် NLD ပါတီ တခုတည်း အတွက်မဟုတ်ဘဲ တနိုင်ငံလုံးရှိ မဟာမိတ် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးစုများ၊ တနိုင်ငံလုံးရှိ ဒီမိုကရက်တစ် အင်အားစုများနှင့်လည်း သက်ဆိုင်နေကြောင်း၊ ထို့ကြောင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အပါအဝင် နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှုများပေါ်တွင် မူတည်၍ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ပါတီမှတ်ပုံတင်ခြင်း ဥပဒေတွင် ပြင်ဆင်လိုက်သော အချက်တချို့သည် အခြေအနေ ကောင်းမွန်သည်ဟု ပြောဆိုနိုင်ပြီး NLD အနေဖြင့် ပါတီမှတ်ပုံတင်ခြင်းနှင့် ရွေးကောက်ပွဲဝင်ခြင်း နှစ်ခုစလုံးကို သေချာစဉ်းစား ဆုံးဖြတ် သွားမည်ဟု ဦးဝင်းတင်က ဆိုသည်။
NLD ပါတီဝင်တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိလည်း ဖြစ်သော ဦးဝင်းထိန်က “NLD ပါတီ မှတ်ပုံတင်တာနဲ့ပတ်သက်လို့ တနိုင်ငံလုံးက မြို့နယ်တွေရဲ့ ဆန္ဒသဘောထားတွေကို ယူရဦးမှာပါ။ ၂၀၁၀ တုန်းကတော့ မှတ်ပုံတင်မယ့် ကိစ္စကို မြို့နယ် ၁၀၀ မှာ ၉၉ မြို့နယ်က သဘောမတူခဲ့ကြပါဘူး။ ဒါပေမယ့် အခုက ဥပဒေ ပြင်ဆင်လိုက်တော့ အခြေအနေက မတူတော့ဘူးပေါ့” ဟု ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အမျိုးသား လွှတ်တော်၌ အဆိုပြု တင်သွင်းကာ ကိုယ်စားလှယ်များက ဆွေးနွေး အတည်ပြုပြီး ပြည်သူ့လွှတ်တော် သို့ပေးပို့၍ အတည်ပြုချက် ရယူခဲ့ခြင်း ဖြစ်သည်။