်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa သည် နိုင်ငံရေးဖြစ်ထွန်းမှုအခြေအနေများကို ၃ ရက်ကြာ လေ့လာရန်အတွက် ယနေ့မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။
၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ပေးအပ်ရေး ကိစ္စအား ဆုံးဖြတ်ဖွယ်ရှိသည့် လာမည့်လ အာဆီယံညီလာခံမတိုင်မီ မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။
ဝန်ကြီး Mr. Natalegawa သည် နိုင်ငံရေးဖြစ်ထွန်းမှုများအပြင် အသင်းဥက္ကဋ္ဌနိုင်ငံက လက်ခံကျင်းပရမည့် နှစ်ပတ်လည်ညီလာခံ ၃ ခုကို မြန်မာနိုင်ငံက တာဝန်ယူနိုင်ဖွယ်ရှိမရှိ ဟူသော အခြေအနေများကိုလည်း ခရီးစဉ်အတွင်း လေ့လာသွားမည်ဖြစ်သည်ဟု အမည်မဖော်လိုသူ အကြီးတန်း သံတမန်တဦးက ပြောသည်။
ထိုညီလာခံများတွင် ဥရောပသမဂ္ဂ နိုင်ငံများ နှင့် အမေရိကန်ပြည်ထောင်စုတို့လည်း တက်ရောက်လေ့ရှိရာ မြန်မာပြည်တွင် ညီလာခံများ ကျင်းပပါက ထိုအနောက်နိုင်ငံများ သပိတ်မှောက်ဖွယ်ရှိသည့် အခြေအနေကို အာဆီယံက စိုးရိမ်မကင်းဖြစ်နေသည်။
Mr. Natalegawa က ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် အပါအဝင် အစိုးရခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို တွေ့ဆုံမည်ဖြစ်သည်။ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။
Mr. Natalegawa သည် မြန်မာပြည်အတွင်း အခြေအနေအသေးစိတ်ကို သိရှိလိုကြောင်း မကြာသေးမီက ပြောကြားခဲ့ပြီးဖြစ်သည်။ မြန်မာပြည်တွင် ရှိစဉ် လုပ်ငန်းရှင်များ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများ၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် စသည်တို့နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းရှင်များ၊ NGO အဖွဲ့များနှင့် တွေ့ပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူငယ်ရေးရာ ကဏ္ဍများနှင့် ပတ်သက်ပြီး လေ့လာမည်ဟု အကြီးတန်း အင်ဒိုနီးရှား သံတမန်တဦးက ပြောသည်။
“သူက (Mr. Natalegawa က) တိုင်းရင်းသား ပဋိပက္ခကို မြန်မာနိုင်ငံမှာ ဘယ်လို ဖြေရှင်းနေသလဲ ဆိုတာကိုလည်း သိချင်နေပါတယ်” ဟု ထို သံတမန်က ပြောသည်။
အရေးအကြီးဆုံး တွေ့ဆုံမှုများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်းလည်း ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်၏အမြင်သည် မြန်မာနိုင်ငံအား၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန် ပေးအပ်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံက ထောက်ခံသင့်မသင့် စဉ်းစားရာတွင် လွှမ်းမိုးဖွယ်ရှိကြောင်း သိရသည်။
အာဆီယံဥက္ကဋ္ဌတာဝန်ယူလိုသည့် မြန်မာအစိုးရအတွက် Mr. Natalegawa ၏ ခရီးစဉ်က အလွန် အရေးပါနေသည်။
ဦးသိန်းစိန်သည် သမ္မတဖြစ်လာပြီးနောက် အာဆီယံဥက္ကဋ္ဌတာဝန်အရေးအတွက် ဦးစားပေးလုပ်ဆောင်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်း အာဆီယံညီလာခံဆုံးဖြတ်ချက်များကို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြောင်း ဝါရင့် မြန်မာသံတမန်တို့က ပြောသည်။
“ဦးသိန်းစိန်က အာဆီယံကို အလေးထားတာက သံတမန်ရေး၊ စီးပွားရေးတို့အတွက်ပါ” ဟု အမည်မဖော်လိုသူ အငြိမ်းစား မြန်မာသံတမန်တဦးက ဧရာဝတီကို ပြောသည်။
တနင်္လာနေ့တွင် အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာအထူးကိုယ်စားလှယ် Mr. Derek Mitchell က မြန်မာပြည်သို့ သွားရောက်ခဲ့သေးသည်။ သူက နေပြည်တော်ရှိ အစိုးရ ထိပ်တန်း ခေါင်းဆောင်များ၊ ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။
မြန်မာပြည်အား အာဆီယံဥက္ကဋ္ဌတာဝန်ပေးအပ်ရေးတွင် အမေရိကန်အစိုးရ၏ သဘောထားကိုလည်း ထည့်သွင်း စဉ်းစားမည်ဟု အာဆီယံအသင်း အတွင်းရေးမှူးချုပ် Mr. Surin Pitsuwan က ယခုနှစ်ဆန်းပိုင်းတွင် ဧရာဝတီကို ပြောကြားခဲ့သည်။
အမေရိကန်အစိုးရက နေပြည်တော်တွင်ပြုလုပ်မည့် အာဆီယံညီလာခံများကို သပိတ်မှောက်မည် ဆိုပါက ၂၀၁၅ ခုနှစ်တွင် ဒေသဆိုင်ရာ စီးပွားရေးဇုန် တည်ထောင်ရန် ကြိုးစားနေသည့် အာဆီယံအသင်းအတွက် အကြီးအကျယ် အခက်တွေ့မည်ဖြစ်သည်။