်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစုဝင်များက စိုးရိမ် ပူပန်နေကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။

ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်း၊ ကိုကောင်းမြတ်လှိုင်နှင့် ရဟန်းနှစ်ပါးဖြစ်သည့် ဦးစန္ဒိမာ၊ ဦးဝိသုဒ္ဓိ စသည့် နိုင်ငံရေးအကျဉ်းသား ၁၅ဦး က သီးသန့်နှင့် သာမန်သီးသန့် အကျဉ်းသားများ လျှော့ရက်ခံစားခွင့်ရရှိရေးအတွက် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အစာငတ်ခံ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြမှုမှာ ၅ရက်ခန့် ကြာမြင့်နေပြီဖြစ်ပြီး ထောင်အာဏာပိုင်များက ယခုအခါ သောက်သုံးရေပါ ဖြတ်တောက်လိုက်သည့် အပြင် မိသားစုများနှင့် ထောင်ဝင်စာတွေ့ခွင့်ကိုလည်း အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက် ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုအခါ တခြားသော နိုင်ငံရေး အကျဉ်းသားများ ဆန္ဒပြပွဲတွင် ပူးပေါင်းလာသည့်အတွက် နိုင်ငံရေး အကျဉ်းသား ၈ ဦးကို စစ်ခွေးတိုက်သို့ ပို့ကာ တိုက်ပိတ်ပြစ်ဒဏ်ပေးကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပြီးခဲ့သည့် စနေနေ့က ကိုညီညီထွန်း၏ မိသားစုဝင်များက အစားအသောက်နှင့် ပစ္စည်းတချို့သွားရောက် ပေးပို့ရာ ထောင် အာဏာ ပိုင်များက လက်ခံခြင်းမရှိဘဲ ထောင်ဝင်စာတွေ့ခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်ထားသည်ဟု ပြောဆိုကြောင်း မိသားစုဝင် တဦး က ဧရာဝတီသို့ ပြောသည်။
“ထောင်ပိုင်ကြီးနဲ့ တွေ့ခွင့်တောင်းတော့လည်း မပေးဘူး၊ မေးတော့လည်း မသိဘူးတဲ့ အပြင်ကို သတင်းမပေါက်အောင် ပိတ်ထား တယ်၊ အခြေအနေမှန်ကို မသိရတော့ စိုးရိမ်တယ်”ဟု ၎င်းက ဆိုသည်။
အမှုစစ်ဆေးနေစဉ်ကာလက စစ်ကြောရေး ၄ လခန့်တွင် နှိပ်စက်ခံရမှုများကြောင့် အရိုးအကြော အထူးကုဖြင့် ကုသနေရကြောင်း အဆိုပါ မိသားစုဝင်က ဆက်ပြောသည်။
ကန္တာရဝတီ တိုင်းမ် ဂျာနယ်၏ အယ်ဒီတာဖြစ်သည့် ကိုညီညီထွန်းသည် မတရားအသင်း ဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေး အရေး ပေါ်ပြဌာန်းချက် အက်ဥပဒေ၊ အီလက်ထရွန်နစ် အက် ဥပဒေ၊ နိုင်ငံတော်အား အကြည်ညိုပျက်စေသည့် ပုဒ်မများဖြင့် ပြီးခဲ့ သည့်နှစ် အောက်တိုဘာလက ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရသည်။
အလားတူ မတရားအသင်း ဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေး အရေးပေါ်ပြဌာန်းချက်အက်ဥပဒေများဖြင့် ထောင်ဒဏ် ၈နှစ် ချမှတ် ခံထားရသည့် ကိုစိုးမိုးထွန်း၏ ဇနီးဖြစ်သူ မဥမ္မာကလည်း“ဆန္ဒပြတဲ့ စာရင်းထဲမှာ ပါတယ်လို့ ပြောတယ်၊ လူချင်းတော့ မတွေ့ရသေး ဘူး၊ အခြေအနေကတော့ စိုးရိမ်စရာပဲ”ဟု ဆိုသည်။
ကိုညီညီထွန်းနှင့် ကိုစိုးမိုးထွန်းတို့သည် ရန်ကုန်မြို့၌ အတူအဖမ်းခံခဲ့ရသူများဖြစ်ပြီး ပြီးခဲ့သည့် မေလအတွင်း ပထမအကြိမ် အစာ ငတ်ခံ ဆန္ဒပြရာတွင် ပါဝင်ခဲ့ကြသူများလည်း ဖြစ်သည်။
အစာငတ်ခံ ဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများသည် အစိုးရ၏ နိုင်ငံရေးအကျဉ်းသားအဖြစ် အပြည်အ၀ အသိအမှတ်ပြုခြင်း မခံရသကဲ့သို့ သာမန်အကျဉ်းသားများကဲ့သို့လည်း လျှော့ရက်ခံစားခွင့်မရှိသူများ ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း ပြည်တွင်း အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့မှ ကိုတိုးကျော်လှိုင်ကလည်း ပြောဆိုသည်။
“ထောင်ထဲက အာဟာရမပြည်စုံတဲ့သူတွေ အစာငတ်ခံဆန္ဒပြတယ်ဆိုတာ အသက်အန္တရာယ် သိပ်နီးတယ်၊ ထောင်အာဏာပိုင်က ယုတ်မာရင် ယုတ်မာသလို သေသွားနိုင်တယ်၊ ထောင်အာဏာပိုင်က အချိန်မဆွဲဘဲ ညှိနှိုင်းပေးရမယ်”ဟုလည်း ၎င်းက ပြောသည်။
ယခုအခါ ထောင်အာဏာပိုင်များက သောက်ရေ ဖြတ်တောက်လိုက်သည် ဆိုသည့် သတင်းများထွက်ပေါ်နေကြောင်း၊ ပွင့်လင်း မြင် သာမှုများ၊ တိုးတက်မှုများ ဖြစ်ပေါ်နေပါသည်ဟု ပြောဆိုနေသည့်ကာလတွင် ထောင်အာဏာပိုင်များ အနေဖြင့် တောင်းဆိုမှုများကို အမြန်ဆုံး ဖြေရှင်းပေးရန်လည်း တိုက်တွန်းကြောင်း ကိုတိုးကျော်လှိုင်က ဆက်လက်ပြောဆိုသည်။
ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ အကျဉ်း ထောင်အသီးသီးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၁၆၀၀ ခန့်ရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည် သီတင်းကျွတ်လပြည့်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် အကျဉ်းသား ၆၃၅၉ ဦး လွတ်
မြောက် လာရာတွင် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်သာ ပါဝင်သည်။
ယမန်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ အစိုးရ ဧည်ဂေဟာတွင် တွေ့ဆုံ ရာ၌လည်း ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများ ဆက်လက်လွှတ်ပေးရန် ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း ဟာသပညာရှင် ကိုဇာဂနာကလည်း လာမည့် ရက်သတ္တ နှစ်ပတ်အတွင်း နိုင်ငံရေး အကျဉ်းသားများ လွတ်လာနိုင်မည် ဆိုသည့်သတင်းများ ထွက်ပေါ်နေကြောင်း၊ အားလုံးလွတ်မြောက်ရန် ဆက်လက်ကြိုးပမ်းရမည် ဖြစ်ကြောင်းပြော သည်။