အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မဟာမိတ်ပါတီများက နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ရေး၊ မတင်ရေး နှင့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ကိစ္စများကို နိုဝင်ဘာလ ၄ ရက်နေ့တွင် ကြေညာသွားဖွယ်ရှိကြောင်း သိရသည်။

ထိုနေ့တွင် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အပြင် အတိုက်အခံနိုင်ငံရေးအဖွဲ့များနှင့်စုစည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကလည်း ထိုကိစ္စများကို အပြီးသတ် ဆွေးနွေးကြမည်ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
“CRPP အစည်းအဝေးမှာ ပါတီမှတ်ပုံရေး ကိစ္စတွေ အားလုံး ဆွေးနွေးသုံးသပ်ကြမယ်၊ ကြေညာချက်ထုတ်မယ်၊ ဆုံးဖြတ်ချက်တခုပေးမယ်၊ CRPP ဆုံးဖြတ်ချက်ကို NLD ကလည်းပဲ သဘောတူပြီးပါပြီ၊ NLD စီအီးစီ အစည်းအဝေးလည်း အဲဒီနေ့မှာ လုပ်မယ်လို့ ကြားသိရပါတယ်” ဟု ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။
“ဖြစ်ပေါ် တိုးတက်မှုတွေကို အခြေခံပြီးတော့ ကျနော်တို့ အနေနဲ့ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ရှိပါတယ်၊ ရပ်နေလို့တော့ မရဘူးပေါ့” ဟု ဦးအေးသာအောင်က ဆက်ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်း ထွက်ပေါ်ပြီးနောက် NLD ပါတီမှတ်ပုံတင်ရေးကိစ္စအပေါ် အမြင် အမျိုးမျိုးထွက်ပေါ်နေသည်။ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်လာပြီး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ပြီးမှသာ မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်သင့်ကြောင်း အတိုက်အခံ တချို့က ယူဆကြသည်။
ပြည်ပရောက် ဒီမိုကရေစီအရေးလှှုပ်ရှားနေသူ မခင်ဥမ္မာက NLDသည် ပြည်သူ တရပ်လုံးအား ကိုယ်စားပြုထားသည့် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသော ပါတီတခုဖြစ်၍ သေချာ စဉ်းစား ဆုံးဖြတ်သင့်ကြောင်း ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့သည့် အတွက်သာ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှု၊ ဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမှုတို့ ဖြစ်ပေါ်လာရကြောင်း၊ အကယ်၍ ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည် ဆိုပါက တခြားပါတီများကဲ့သို့ ရပ်တည် ဆောင်ရွက်ရတော့မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မခင်ဥမ္မာက သုံးသပ်လိုက်သည်။
“၂၀၁၀ ရွေးကောက်ပွဲတုန်းကသာ ပါဝင်ခဲ့ရင် အခုလိုမျိုး သမ္မတက သီးသန့် တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး၊ ပြောစရာရှိရင် လွှတ်တော်ထဲကပြော လို့ပဲ ပြောတော့မှာပေါ့၊ လွှတ်တော်ထဲမှာလည်းပဲ ကြံ့ဖွံ့နဲ့စစ်တပ်က လွှမ်းမိုးနေတော့ ပြောဆို တင်ပြသမျှ ပယ်ချခံနေရဦးမှာပဲ” ဟု မခင်ဥမ္မာက ဆိုသည်။
မခင်ဥမ္မာက အစိုးရ၏ ခြေလှမ်းများကို သံသယ ရှိသော်လည်း မကြာသေးမီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၏ အချက်တချို့အား ပြင်ဆင်လိုက်ခြင်းကို ကြိုဆိုလိုက်သည်။
ပြင်ဆင်ထားသည့် ဥပဒေကြမ်းအား လွှတ်တော် နှစ်ရပ်လုံးက အောက်တိုဘာ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့ကြပြီး သမ္မတ လက်မှတ်ရေးထိုးရန်သာ လိုတော့သည်။
ထိုသို့ ပြင်ဆင်ချက်များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထိန်းသိမ်းစောင့်ရှောက်ရမည် ဟူသော စကားရပ်အစား လေးစားလိုက်နာရမည်ဟု ပြောင်းလဲ ရေးသားချက် ပါဝင်သည်။ အကျဉ်းကျခံဖူးသူများ ပါတီ တည်ထောင်ခွင့်၊ အကျဉ်းကျနေသူများ ပါတီဝင်အဖြစ် သတ်မှတ်ပိုင်ခွင့် စသည့် အချက်များလည်း ပါဝင်သည်။
NLD ပါတီသည် မှတ်ပုံတင်ပါက ကြားဖြတ်ရွေးကောက်ပွဲ၌ အနည်းဆုံး ကိုယ်စားလှယ် ၃ နေရာ ဝင်ရောက် အရွေးခံရမည်ဖြစ်သည်။ လစ်လပ်နေသော မဲဆန္ဒနယ် ၅၀ ဝန်းကျင် အတွက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကို အစိုးရက ကြေညာခြင်း မရှိသေးပေ။
“NLD ပါတီနဲ့ ပတ်သက်ပြီးတော့ ကြားဖြတ် ရွေးကောက်ပွဲကို မဝင်ဘဲ ၂၀၁၅ (ရွေးကောက်ပွဲ) မှာပဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ဝင်စေ ချင်နေကြတာ ရှိသလို ရသလောက်ကို ဝင်ပြိုင်ပြီးတော့ လွှတ်တော်ထဲက ပြောဆိုစေချင်သူတွေလည်း ကြားနေရပါတယ်၊ ကျနော်ကတော့ ပြည်သူအားလုံး အကျိုးရှိမယ့် ကိစ္စဆိုရင် အားလုံးက ပူးပေါင်းသင့်တယ် ထင်တယ်” ဟု ဦးအေးသာအောင်က ပြောသည်။
ဤအတောအတွင်း ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုကိုကြီး စသည့် ထင်ရှားသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်လာတော့မည်ဟု ကြားသိရကြောင်း ဦးအေးသာအောင်က ပြောသည်။ ထိုသတင်းနှင့် ပတ်သက်ပြီး အာဏာပိုင်တို့က အတည်ပြု ပြောဆိုခြင်း မရှိသေးပေ။
NLD ပါတီ မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲဝင်ရေးကို အပြည့်အ၀ ထောက်ခံသူများထဲတွင် NDF ပါတီ ခေါ် အမျိုးသားဒီမိုကရေစီ အင်အားစုလည်း ပါဝင်သည်။
“ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လွှတ်တော်ထဲက ပြောချင်တယ် ဆိုရင်တော့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်တာ အကောင်းဆုံးပါ၊ လွှတ်တော်နိုင်ငံရေးကသာ အာဏာရှင်အစိုးရကို ပယ်ဖျက်နိုင်မယ်လို့ ယူဆတယ်” ဟု NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဆိုသည်။