ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံ မြဝတီမြို့ဘက်သို့ ပြန်ပို့ခြင်းခံရသည့် မြန်မာအလုပ်သမားများထံမှ ကရင် နယ်ခြားစောင့် တပ်နှင့်လူပွဲစားများ၏ တရားမဝင် ငွေတောင်းခံနေသည့် လုပ်ရပ်များကို စနေနေ့က စတင်၍ မြဝတီ ခရိုင် အာဏာပိုင်များက ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နေပြီ ဖြစ်သည်။
ထို့ကြောင့် အလုပ်သမားများကို ငွေတောင်းခံသည့် မြဝတီမြို့အမှတ် ၅ ရပ်ကွက်ရှိ အမှတ် ၁၀ ဂိတ်မှ လူပွဲစားများ
တနင်္ဂနွေ နေ့ က စတင်ကာ ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ တိမ်းရှောင်လျက် ရှိသည်။
အမှတ် ၁၀ ဂိတ်တွင်နေထိုင်သည့် ကုန်သည်တဦးက“နေပြည်တော် အမိန့်နဲ့ လူပွဲစားတွေနဲ့ ကရင်နယ်ခြားစောင့် တပ်ဖွဲ့တွေကို မြဝတီအာဏာပိုင်တွေက ထိန်းချုပ်လိုက်တယ်။ လက်ရှိအမှတ် ၁၀ ဂိတ်ကို စစ်တပ်နဲ့ ရဲတွေက ထိုင်ပြီ၊ ထိုင်းဘက်က ပြန် လာတဲ့လူတွေဆီက ငွေတောင်းတာ မရှိတော့ဘူး၊ ပိုက်ဆံမပါဘဲ ပြန်လာတဲ့ အလုပ်သမားတွေကိုလည်း ဘားအံ မြို့အထိ အခမဲ့ပို့ဆောင် ပေးတာတွေ ရှိတယ်၊ အရင်ကငွေ တောင်းတဲ့ လူပွဲစားတွေကိုလည်း လိုက်ဖမ်းနေတယ်”ဟု ပြောသည်။
ကရင် နယ်ခြားစောင့် တပ်နှင့် လူပွဲစားများက အလုပ်သမား တဦးလျှင် ထိုင်းဘတ်၂၅၀၀ တောင်းခံခဲ့ခြင်း ဖြစ်သည်။
ယခုလဆန်းမှ စတင်ပြီး ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် အယုဒ္ဓယ ခရိုင်၊ ဘန်ကောက်မြို့အနီး ပထုံဌာနီနှင့် စက်မှုဇုန်ကြီး များရှိ စက်ရုံအလုပ်ရုံများပိတ်လိုက်၍ နေရပ်ပြန်လာကြသည့် မြန်မာ အလုပ်သမားများကို မြဝတီမြို့တွင် လူပွဲစားများက နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့်ပေါင်း၍ အဓမ္မ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ ပြန်လာသူများမှာ အောက် တိုဘာ ၁၅ ရက်ခန့်မှ စတင်၍ လူ ရာဂဏန်းမှ ထောင်ဂဏန်း ဝန်းကျင်ရှိသည်။
အဓမ္မ ငွေတောင်းခံရသူ အများစုမှာ ထိုင်းဘက်မှ အဖမ်းခံရပြီး ပြန်လာသော မြန်မာ အလုပ်သမားများ ဖြစ်ကြောင်း သိရ သည်။
ထိုင်းနိုင်ငံတွင် အဖမ်းခံရပြီး မြဝတီဘက် ပြန်ရောက်လာသည့် မြန်မာအလုပ်သမားများကို လူပွဲစားများကမတရားငွေတောင်း သည့်ဖြစ်ရပ်များကို ပြည်ပ သတင်းဌာနများက သတင်း ထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု မြဝတီမြို့မှ ကုန်သည်ကြီး တဦး က ပြောသည်။
၎င်းက“ဒီလဆန်းကစပြီး ဘန်ကောက်မှာရေကြီးတော့ စက်ရုံအလုပ်ရုံတွေပိတ်လိုက်ရတယ်၊ သောင်းနဲ့ချီတဲ့မြန်မာအလုပ် သမားတွေ ဒီလလယ်နောက်ပိုင်း မြဝတီလမ်းက နေရပ်ပြန်ကြတာ တရက်ကိုလူ ၃၀၀၀ ထောင်နီးပါးရှိတယ်၊ အဲဒီအထဲက ၂၀၀၀ လောက်က တရားမဝင်နေထိုင်မှုနဲ့ အဖမ်းခံရပြီးပြန်လာကြတဲ့လူတွေ၊ သူတို့ကိုအမှတ် ၁၀ ဂိတ် (၉၉၉ ဂိတ်)မှာ တ ယောက်ကိုဘတ်၂၅၀၀ တောင်းတယ်၊ ပြန်လာကြတဲ့လူတွေ အတော့်ကိုဒုက္ခရောက်ကြတယ်၊ ဘယ်သူမှမပြောရဲမဆိုရဲဖြစ် နေ တာ၊ အခုမှ ဒီပြဿနာ ပြီးသွားတော့တယ်၊ ဒါက ပြည်ပသတင်းဌာနတွေကြောင့် ဖြစ်သွားတာ”ဟုလည်း ဆိုသည်။
ကရင်ပြည်နယ် ဘားအံမြို့သို့ ပြန်ရောက်သွားသည့် အလုပ်သမတဦးကလည်း ငွေတောင်းခံမှုမရှိတော့သော်လည်း အာဏာ ပိုင် များ၏ စစ်ဆေးမေးမြန်းမှုများကို အချိန်ကြာမြင့်စွာကြုံတွေ့ခဲ့ရသည့် အတွက် အလုပ်သမားများသည် တရက်ခြား ယာဉ် တန်း မမီဘဲ မြဝတီတွင် အများအပြား သောင်တင်ခဲ့ကြရသည်ဟု ပြောပြသည်။
“ကျမတို့ ဘန်ကောက်မှာအဖမ်းခံရပြီး မဲဆောက်ကထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးကိုရောက်တော့ တယောက်မကျန် ကိုယ်ရေး ရာဇဝင်ဖြည့်ကြရတယ်၊ လက်ဗွေနှိပ်ရတယ်၊ နေရပ်လိပ်စာ မိဘအမည်နဲ့ မှတ်တမ်းဓာတ်ပုံတွေ အရိုက်ခံရသလို မြဝတီဘက်ပြန်ရောက်တော့လည်း နေရပ်လိပ်စာ မိဘအမည်တွေကောက်ပြီး အုပ်စုလိုက် ဓာတ်ပုံအရိုက်ခံရတာတွေ ရှိတယ်။ တကယ် ပိုက်ဆံမ ရှိတဲ့လူတွေကိုကျတော့ အိမ်ပြန်ဖို့ ကားကြုံနဲ့ထည့်ပေးတာတော့ ရှိတယ်၊ မြဝတီခရိုင် အာဏာပိုင်တွေက အလုပ်သမား တယောက်ကို ကျပ် ၁ သောင်းစီ ပေးတယ်ဆိုတဲ့ သတင်းကတော့ လုံးဝမဟုတ်ဘူး”ဟု ဘားအံ ပြန်ရောက် သွားသော အလုပ်သမက ပြောသည်။
မြန်မာလူပွဲစား တဦး၏ အဆိုအရ အမှတ် ၁၀ ဂိတ် တွင် ထိုင်းနိုင်ငံမှပြန်လာကြသည့် မြန်မာများကိုငွေကြေးကောက်ခံ လာ သည်မှာ ၁၀ ကျော်ရှိပြီဖြစ်ကြောင်း၊ လူပွဲစားများနှင့် ယခင်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အထူးတပ်ရင်း ၉၉၉ တို့ပူးပေါင်း၍ ကောက်ခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယမန်နှစ်က DKBA အဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းသွားပြီးနောက်တွင် လူပွဲစားများမှာ ကရင်နယ်ခြားစောင့် တပ်များနှင့် လက်ရှိအချိန်အထိ ပုံမှန်လုပ်ကိုင်လျက်ရှိပြီး ရရှိလာသည့်ငွေကြေးများကို လူပွဲစားများ၊ နယ်ခြားစောင့် တပ်၊ ထိုင်း လဝက အဖွဲ့နှင့် အချိုးကျခွဲဝေကြရကြောင်း၊ ဝေစုအများစုကို လက်ရှိတွင် နယ်ခြားစောင့်တပ်က ရရှိကြောင်း၊ နယ်ခြား
စောင့်တပ်မှရရှိသည့်ငွေကြေးတချို့ကို မြဝတီခရိုင် အာဏာပိုင်တချို့ကိုခွဲဝေပေးရ သေးကြောင်းလည်း ၎င်း လူပွဲစားက ဆို သည်။
နောက်ဆုံးရရှိသည့် သတင်းများအရ မြန်မာအလုပ်သမားများထံမှ တရားမဝင်ငွေကြေးကောက်ခံသည့် အမှတ် ၁၀ ဂိတ်မှ တိမ်းရှောင်နေသည့် လူပွဲစားများကို တဦးတယောက်မျှ ဖမ်းဆီးနိုင်ခြင်းမရှိသေးသည့်အပြင် တခြားပါဝင် ပတ်သက်သူများကို လည်း တစုံတရာအရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။