ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည် စီမံကိန်းကို ရပ်တံ့မည်ဟု သမ္မတဦးသိန်းစိန်က ပြောခဲ့ပြီး တလခန့်အကြာတွင် တရုတ်နိုင်ငံမှ ဆောက်လုပ်ရေး ဝန်ထမ်းများ နေရပ်သို့ ပြန်နေကြသည်ဟု သိရသည်။
ဆောက်လုပ်ရေး လုပ်ငန်းမှ တရုတ် အလုပ်သမားအများစု ပြန်သွားကြပြီး ဆောက်လုပ်ရေး ယန္တရား အတွက် လုံခြုံရေးနှင့် အဆောက်အဦ ရုံဝန်ထမ်း တချို့သာ ကျန်ရှိသည်ဟု ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ တွဲဖက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။
“တချို့ အလုပ်သမားတွေ ပြန်ကုန်ကြပြီ၊ နောက်ပြီးတော့ အဲဒီမှာ သုံးလို့မကုန်ဘဲ ကျန်ခဲ့တဲ့ ဘိလပ်မြေနဲ့ လောင်စာဆီတွေကို ထုတ် ရောင်းနေကြတယ်” ဟု ၎င်းက ဆိုသည်။
ထိုဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို ဒေသခံ စီးပွားရေးသမားများက ဝယ်ယူကြောင်း သိရသည်။
“အဲဒီ မြစ်ဆုံ ဒေသက လာတဲ့လူတွေ ပြောပြတာ ခါတိုင်းလိုတော့ မဟုတ်ဘူး။ လူတွေ တော်တော်လျော့သွားတယ်လို့ ပြော တယ်” ဟု ဦးလနန်က ဆက်ပြောသည်။
ပြီးခဲ့သည့်လက ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့စဉ် မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်တွင်းအခြေစိုက် Weekly Eleven News တွင် ရေးသားထားသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားများကို ကာကွယ်ရန်အတွက် သင့်လျော်သော အဖြေတခုရရှိရန် တရုတ်နှင့် ပူးပေါင်းသွားမည်ဟု ဦးတင်အောင်မြင့်ဦးက ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းစာများက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ အခြေစိုက် People’s Daily သတင်းစာတွင် နှစ်နိုင်ငံချုပ်ဆိုထားသည့် ကတိကဝတ်များအား လိုက်နာရန်နှင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားသည် စီမံကိန်းများကို အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရန် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ဦးတင်အောင်မြင့်ဦးအား တိုက်တွန်းလိုက်ကြောင်း ရေးသားထားသည်။
“တရုတ် – မြန်မာ နှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်နေတဲ့ အရေးကြီး စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင် ရေးဟာ နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်နေပါတယ်” ဟု တရုတ်ဝန်ကြီးချုပ်က ဦးတင်အောင်မြင့်ဦးကို ပြောဆိုခဲ့သည်။
ဦးတင်အောင်မြင့်ဦးကလည်း တရုတ် – မြန်မာ နှစ်နိုင်ငံအရေးကို အလေးပေးကြောင်း၊ ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအား ဖြေရှင်းနိုင်ရေးအတွက် တက်ကြွစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။
မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးကို ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသား အလွှာအသီးသီးက ကန့်ကွက်တောင်းဆိုမှုများ ပြုလုပ်ခဲ့သောကြောင့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးများမှ တဆင့် သမ္မတ ဦးသိန်းစိန်က စီမံကိန်းကို လက်ရှိအစိုးရသက်တမ်းအတွင်း ဆက်လက် အကောင်အထည်ဖော်ခြင်း မပြုဘဲ ဆိုင်းငံ့မည်ဟု ကြေညာခဲ့သည်။
မြစ်ဆုံဆည်စီမံကိန်း အတွက် ၂၀၀၆ ခုနှစ်တွင် တရုတ်နှင့် မြန်မာ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများအား တရုတ် အစိုးရပိုင် China Power Investment (CPI) ကုမ္ပဏီက ဦးဆောင်၍ စတင် တည်ဆောက်ခဲ့သည်။
မြစ်ဆုံဆည် စီမံကိန်းအတွက် ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မေခ၊ မလိခ မြစ်များပေါ်ရှိ ရေကာတာ စီမံကိန်းများအတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
အဆိုပါ စီမံကိန်းမှ ရေအားလျှပ်စစ် မဂ္ဂါဝပ် ၆၀၀၀ ထွက်ရှိမည်ဖြစ်ကာ အများစုကို တရုတ်နိုင်က ရယူမည် ဖြစ်သည်။