ဓာတ်ပုံများက သမိုင်းကို ပြောနေကြသည်(Every picture tells the story)ဟူသော သိုးဆောင်း စကားတခွန်း ရှိသည်။
မြန်မာပြည်တွင်တော့ အစိုးရရုံးများ၌ချိတ်ဆွဲထားသော နိုင်ငံ့ခေါင်းဆောင်ဓာတ်ပုံများက အာဏာနိုင်ငံရေးကိုပြောနေကြသည်။
အစိုးရ ရုံးဌာန အဆောက်အအုံများနှင့် စာသင်ကျောင်းများတွင် လက်ရှိ နိုင်ငံ့ခေါင်းဆောင်၏ ဓာတ်ပုံကိုသာ ချိတ်ဆွဲရန် သတ်မှတ် ထားသော်လည်း ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓာတ်ပုံကို ချိတ်ဆွဲလျက် ရှိနေသေးသည့်အတွက် လူ အများမှာ စိတ်ရှုပ်ထွေးမှုများ ဖြစ်နေကြရသည်။
ကျင်းပနေဆဲ ပြည်သူ့လွှတ်တော်၌ အောက်တိုဘာ ၂၁ ရက်နေ့က ရှမ်းပြည်နယ် မိုင်းပန် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးထွန်းမြင့်ဦး က“အစိုးရရုံး ဌာန နှင့် စာသင်ကျောင်းများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၊ အစည်းအဝေးခန်းများနှင့် အရာထမ်းများ ၏ အခန်း နံရံများတွင် မြန်မာ့ လွတ်လပ်ရေး ဗိသုကာ အာဇာနည်ခေါင်းဆောင်ကြီး တဦး၏ ဓာတ်ပုံအား ပြန်လည် ချိတ်ဆွဲခွင့် ရှိ မရှိ သိရှိလို ကြောင်း” မေးမြန်းခဲ့သည်။
ယင်းမေးမြန်းချက်ကို သမ္မတ ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်က လက်ရှိ နိုင်ငံ့အကြီးအကဲ ခေါင်းဆောင် ၏ ဓာတ်ပုံကိုသာ ချိတ်ဆွဲရန် သတ်မှတ်ထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
သို့ရာတွင် မကြာသေးခင်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော နိုင်ငံခြား သတင်းထောက်များနှင့်လူမှု အဖွဲ့အစည်း ဝန်ထမ်းများက လက်ရှိအချိန်အထိ အစိုးရရုံးဌာနများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓာတ်ပုံ ချိတ်ဆွဲထားလျက်ရှိသည်ကိုတွေ့မြင်ခဲ့ရကြောင်း ပြောပြကြသည်။
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်တွင် ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓာတ်ပုံ ချိတ်ဆွဲထားသည်ကို တွေ့ရသည်ဟု ပြည်တွင်းအခြေစိုက် Weekly Eleven ဂျာနယ် ၏ အင်တာနက် စာမျက်နှာတွင် အောက်တိုဘာ ၂၅ ရက်က ရေးသားထားသည်။
မန္တလေးမြို့သို့ မကြာသေးခင်က ရောက်ရှိခဲ့သော နိုင်ငံခြား သတင်းထောက် တဦးကလည်း မန္တလေးရှိ အစိုးရရုံးများတွင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ၏ ဓာတ်ပုံကို တွေ့ခဲ့ရသည်ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရချိန်မှစ၍ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို အစိုးရရုံးများနှင့်စာသင်ကျောင်း များ၌ ချိတ်ဆွဲလာခဲ့ရာ လူထုအုံကြွမှု အရေးအခင်း ဖြစ်ပွားခဲ့သော ၁၉၈၈ ခုနှစ်အထိ ဖြစ်သည်။
၁၉၈၈ ခုနှစ် နောက်ပိုင်း ဦးနေဝင်း၏ ဓာတ်ပုံသည် အစိုးရရုံးဌာန အဖွဲ့အစည်းများတွင် ချိတ်ဆွဲထားလျက်ရှိရာ အာဏာသိမ်း စစ် ခေါင်းဆောင်များအပေါ် သြဇာဆက်လက်တည် နေကြောင်း ဝေဖန်သူများက ထောက်ပြပြောဆိုလာ၍ ၁၉၉၀ ပြည့်နှစ်တွင် ၎င်း၏ ဓာတ်ပုံများကို ဖြုတ်ပယ်ရန် ဦးနေဝင်းက တောင်းဆို ခဲ့သည်။
ယင်းသို့ တောင်းဆိုပြီးနောက် ရန်ကုန်မြို့မှ တက်ကြွ လှုပ်ရှားသည့် အထက်တန်း ကျောင်းသားများက ကျောင်းအုပ်ကြီး ရုံးခန်းများတွင် ချိတ်ဆွဲထားသည့် ဦးနေဝင်း ဓာတ်ပုံများကို ဖြုတ်ချပစ်ခဲ့ကြသည်။
ဦးနေဝင်းက ကြေညာခဲ့ပြီးနောက်ပိုင်း နှစ်အနည်းငယ်ကြာသည်အထိ ၎င်း၏ ဓာတ်ပုံကို အစိုးရရုံးဌာနများတွင် ဆက်လက် ချိတ်ဆွဲ ထားခဲ့သေးသည်။
ယင်းဖြစ်ရပ်အပြီး တစတစ အာဏာကြီးထွားလာသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓာတ်ပုံမှာ ၁၉၉၇ ခုနှစ်က စတင်၍ အစိုးရဌာန အဆောက်အအုံများတွင် ချိတ်ဆွဲလာခဲ့သည်မှာ ယနေ့ အထိ ဖြစ်သည်။
သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး သြဇာ တရှိန်ထိုးကြီးမားလာမှုကို မနာလိုမရှုစိမ့်ဖြစ်ရာမှ တိုင်းပြည် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၏ ဓာတ်ပုံများကို အာဏာသိမ်း စစ်ဗိုလ်ချုပ်များက နိုင်ငံတော် အဆောက်အအုံများနှင့် အစိုးရ ရုံးခန်းများမှ ဖြုတ်သိမ်းပစ်ခဲ့ကြသည်။
သို့ရာတွင် ပြည်သူများက အထင်ကရနေရာများတွင် တွေ့မြင်လိုသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို လွန်ခဲ့သည့် ၂ လက သမ္မတ ဦးသိန်းစိန် ၏ နေပြည်တော် ရုံးခန်းတွင် ရုတ်တရက် အံ့သြဖွယ်ရာ တွေ့မြင်လိုက်ရသည်။
သြဂုတ်လ ၁၉ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ စကားပြောသည့် နေပြည်တော်ရှိ သမ္မတရုံးခန်း ၏ နံရံတွင် ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံ ချိတ်ဆွဲထားသည်ကို အစိုးရ ရုပ်မြင်သံကြား သတင်း၌ ဖော်ပြလာသည်ကို တွေ့ရှိရခြင်းဖြစ်သည်။
နီးစပ်သူများ၏ အဆိုအရ ဗိုလ်ချုပ် အောင်ဆန်း တဦးတည်းမဟုတ်၊ ၂၀၀၄ ခုနှစ် အောက်တိုဘာလအတွင်းက ရာထူးမှဖယ်ရှားလိုက်ပြီး အကျယ် ချုပ်ချခံနေသည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ဓာတ်ပုံ အပါအဝင် မြန်မာနိုင်ငံ၏ သမိုင်းဝင် ခေါင်း ဆောင်များ၊ အထင်ကရ ပုဂ္ဂိုလ်များ၏ ဓာတ်ပုံများကိုလည်း ဦးသိန်းစိန်၏ ရုံးခန်း၌ ချိတ်ထားကြောင်း သိရသည်။
နောက်ဆုံးကြားသိရသော သတင်းများအရ နိုင်ငံတော် အဆောက်အအုံများနှင့် အစိုးရရုံးခန်းများတွင် ဆက်လက် မချိတ်ဆွဲတော့ သော်လည်း ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံကို လူအများက အမြတ်တနိုး ဝယ်ယူ သိမ်းဆည်းမှုများ ရှိနေသည်။
အောက်တိုဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့ မျှော်စင်ကျွန်း၌ ကပြ ဖျော်ဖြေသော အငြိမ့်ပွဲတွင် မကွေးတိုင်း ပခုက္ကူရှိ ရေဘေး ဒုက္ခသည်များ ရန်ပုံငွေအတွက် ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံများကို ကူညီကယ်ဆယ်ရေးလုပ်နေသူများက ရောင်းချရာ လာရောက် သည့် ပရိသတ်များက ကျပ်၂ သိန်း ဖိုးခန့် ဝယ်ယူ အားပေးခဲ့ကြကြောင်း သိရသည်။