မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner သည် ဒဂုံမြို့သစ်တောင်ပိုင်းရှိ မဖြူဖြူသင်း၏ HIV လူနာ စောင့်ရှောက်ရေးဂေဟာသို့ အင်္ဂါနေ့တွင် သွားရောက် လေ့လာခဲ့သည်။

“အဝတ်အစားတွေ လာလှူတယ်။ အဓိကကတော့ လေ့လာသွားတာပေါ့။ လူနာတွေကိုလည်း အားပေးစကား ပြောသွားတယ်” ဟု ဂေဟာကို ဦးစီးဆောင်ရွက်နေသူ မဖြူဖြူသင်းက ဧရာဝတီကို ပြောသည်။
လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ လိုက်ပါသွားသည့် အရာရှိတဦးကလည်း ဂေဟာရှိ ကိုယ်ဝန်သည် အမျိုးသမီးတဦး အပါအဝင် လူနာများကို လိုက်လံ နှုတ်ဆက်ခဲ့သည်။
“မွေးဖွားစရိတ်အတွက် ဘာမှ စိတ်မပူနဲ့။ ကျမတို့ တဖက်က ကူညီပေးမယ်။ နေကောင်းအောင် နေပါ” ဟု နိုင်ငံခြားရေးဌာန အရာရှိ Ms. Sarah Buckley-Moore က ကိုယ်ဝန်သည် အမျိုးသမီးကို ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော အမေရိကန်ပြည်ထောင်စုမှ လွှတ်တော်အမတ်၊ နိုင်ငံခြားရေးဌာန အရာရှိကြီးများသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မဖြူဖြူသင်း ဦးစီး ဆောင်ရွက်နေသည့် HIV လူနာ စောင့်ရှောက်ရေးဂေဟာသို့ သွားရောက်လေ့ရှိသည်။
အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner သည် မြန်မာနိုင်ငံသို့ ရောက်ရှိသည့်နေ့တွင်ပင် ထိုဂေဟာသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
တချိန်တည်းတွင်ပင် မြန်မာနိုင်ငံသို့ အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိ နောက်တဦး ရောက်လာဦးမည်ဟု သိရသည်။
မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Derek Mitchell သည် မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိမည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာထားသည်။
၎င်းတို့နှစ်ဦးသည် ခရီးစဉ်အတွင်း မြန်မာအစိုးရ ထိပ်တန်း အရာရှိများ၊ နိုင်ငံတကာအဖွဲ့အစည်းကိုယ်စားလှယ်များ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများကို တွေ့ဆုံပြီး လူ့အခွင့်အရေး၊ ပြုပြင်ပြောင်းလဲရေးတို့နှင့် ပတ်သက်သည့် အကြောင်းအရာများ ဆွေးနွေးကြမည်ဟု တနင်္လာနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး နှင့် အထူးကိုယ်စားလှယ်တို့၏ ခရီးစဉ်များ သောကြာနေ့တွင် အဆုံးသတ်မည်ဟု ဆိုသည်။